လင်မယားဆိုတာ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးရှိတယ်

ယောက်ျား ယူပီးမှ အမျိုးသမီးက အပျိုတုန်းကထက် ပိုလှနေတယ် ၊ ပိုပီးတင့်တယ်နေတယ် ဆိုရင် အဲဒီ အမျိုးသမီးဟာ လင်ကောင်းကို ပိုင်ဆိုင်ထားရလို့ လို့ ဆိုကြတယ် ။ အိမ်ထောင်ကျပြီးမှ ခင်ပွန်းဖြစ်သူ အမျိုးသားဟာ လူပျို ဘဝတုန်းကထက် ပိုပြီး ခန့် ညား တင့်တယ်နေတယ် ဆိုရင် သူဟာ ဇနီးကောင်းကို ရရှိထားလို့ လို့ ဆိုကြပါတယ် ။

အပျို လူပျို ဘဝမှာထက် ပိုပြီး တင့်တယ်နေတဲ့ ဇနီးမောင်နှံတွေ ကတော့ ရှေးရေစက်ကြောင့် ဆုံရတဲ့ စုံတွဲ၊ ကောင်းမှု ကုသိုလ် အတူတူပြုဖို့ နတ်ဖက်တဲ့ အတွဲ လို့လည်း ဆိုကြ ပြန်တယ် ။ အဲဒီ အဆိုတွေကို နားလည် လက်ခံမိပါတယ် ။ အများစု ကတော့ လူပျို၊အပျိုဘဝတုန်းက မိဘရဲ့အရိပ်အောက်မှာ နေရစဉ်တုန်းက လောကဓံကို ကြုံရပေမဲ့ မိဘရဲ့အမိုးအကာအောက်မှာ ရှိနေတဲ့အတွက် မပြင်းထန် လှပါဘူး ။

ကိုယ့်အိမ်ထောင် ကိုယ့်မိသားစုနဲ့ ဖြစ်လာချိန်မှာ ကောင်းကောင်းဆိုးဆိုး လောကဓံ နှစ်မျိုးစလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြုံပြီး ရင်ဆိုင်ဖြတ်သန်း ကြရပါပြီ ။ အဲဒီလို ကာလမှာ ကိုယ်လက်တွဲခွင့် ရထားတဲ့ အိမ်ထောင်ဘက်ရဲ့ အရည်အသွေးဟာလည်း ပေါ်လွင်ထင်ရှားလာ တတ်ပါတယ် ။ ကိုယ်က နိမ့်ပါးနေချိန်မှာ ကိုယ့်ကို ထားပြီး အငယ်နောက် လိုက်သွားတဲ့ သူတွေ၊ ကိုယ့်ရဲ့ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးကို ယူပြီး ကိုယ့်ကိုတော့ ထားပစ်ခဲ့ပြီး ထွက်ပြေးသွားတဲ့ သူတွေ၊ စိတ်ဆင်းရဲပြီး စိတ်ဓါတ်ကျနေတဲ့ကိုယ့်ကို မသိချင်ယောင် ဆောင်ပြီး ပစ်ထားတဲ့ သူတွေကို ဆင်းရဲချိန်၊ နိမ့် ပါးချိန်၊ ဒုက္ခရောက်ချိန် မှာ တွေ့ရတော့ တာ ပါပဲ ။

အဲလို အိမ်ထောင်ဘက်မျိုးနဲ့ ကြုံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီး နောက်မှာ ခြုံးခြုံးကျ ကြရတဲ့ ရုပ်သွင်နဲ့ သွင်ပြင် ဖြစ်ကုန် ကြတယ်။ သူတို့ရဲ့ မရွှင်မလန်းတဲ့ မျက်နှာနဲ့ ညှိုးငယ်တဲ့ အသွင်က သူတို့ ရရှိထားတဲ့ အိမ်ထောင်ဘက်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနေကြ ပါတယ် ။ နောက်တမျိုးကတော့ သူဘယ်လောက်ကောင်းသလဲ ဆိုတာကို ကိုယ်တကယ်ဒုက္ခရောက်ချိန်မှာ ပိုပြီး သိလာရတဲ့သူမျိုးပါ ။

ကိုယ် အဆင်မပြေလို့ ဒုက္ခရောက်နေချိန်မှာ နားလည်စွာနဲ့ ဘေးကနေရှိပြီး ရင်ဆိုင်ပေးတတ်သလို ၊ မိသားစုအတွက် လိုအပ်ရင် ရှေ့ကထွက်ပြီး တံတိုင်းကြီးလို ကာကွယ်ပေးတယ် ။ အသေးစား စိတ်ဖိစီးမှုပဲ ဖြစ်ဖြစ် အကြီးစား စိတ်ဖိစီးမှုတွေကိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း အားပေးနှစ်သိမ့်ရင်းနဲ့ကိုယ်နဲ့အတူတူ ဖြေရှင်းရင်ဆိုင်ပေးတယ် ။ အဲဒီလိုမျိုး အိမ်ထောင်ဘက်ကောင်းကို ပိုင်ဆိုင်ထားတဲ့ သူတွေကတော့ မြင်ရတာနဲ့တင် သိသာစေတယ် ။

ရွှင်လန်းတယ်၊ ကျေနပ်နှစ်သိမ့်မှု ရှိနေတဲ့ အပြုံးတွေနဲ့ လှုပ်ရှားမှုတွေနဲ့ သက်ဝင်နေတယ် ။ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု ရှိနေတဲ့အတွက် လုံခြုံမှုတစ်ခုကို ရရှိထားတဲ့သူတစ်ဦးရဲ့ အသွင်မျိုးနဲ့ တွေ့မြင်ရပါတယ် ။ အဲဒီလိုမျိုး အိမ်ထောင်ဘက်ကောင်း ရရှိထားတဲ့ သူတွေပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ဘက်ဆိုးနဲ့ ရေစက်ဆုံနေရတဲက သူတွေပဲဖြစ်ဖြစ် အားလုံးကတော့ ဇနီးမောင်နှံတွေဖြစ်ကြပြီ ဆိုကတည်းက အတိတ်ဘဝတုန်းက ကုသိုလ်၊ အကုသိုလ် အတူတူ ပြုဖူးခဲ့တဲ့သူတွေပါ။

ဒါကြောင့် ကိုယ့်ရဲ့ အိမ်ထောင်ဘက်တွေ အပေါ်မှာ တန်ဖိုးထားသင့်တယ် ။ သူ့နဲ့ကိုယ်နဲ့ ရေစက်ရှိလို့သာ ဆုံခဲ့ရတယ် ။ ဒါပေမဲ့ အချို့ကတော့ ရေစက်တွေကလည်း တိုတောင်းတတ် ပါသေးတယ် ။ ဘဝရေးမှာပဲ ဖြစ်ဖြစ် အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ် ကုသိုလ်၊ အကုသိုလ် မတူတဲ့ သူတွေကလည်း ကြာကြာအတူ ပေါင်းသင်းနေထိုင်လို့ မရပါဘူး ။ ဆိုပါတော့ အိမ်ထောင်ရှင်မက ကောင်းပါလျက်နဲ့ ဇနီးသည်အပေါ် ဖောက်ပြန်တတ်တဲ့ ခင်ပွန်းမျိုး ရှိနေတယ်ဆိုရင် သူနဲ့ကိုယ်က အကျင့်သီလမှာ မတူတော့ပါဘူး ။

မတူတဲ့ အတွဲတွေမှာ တစ်ယောက်က ကောင်းပြီး တစ်ယောက်က မကောင်းတဲ့အတွက် ကုသိုလ်၊ အကုသိုလ်တွေကလည်း မတူနိုင်တော့ဘူး။ ဒါကြောင့် မကောင်းတဲ့သူဟာ ကောင်းတဲ့သူ နားမှာ မနေနိုင်လို့ မကောင်းတဲ့သူ အချင်းချင်း သွားပေါင်းကြတာပါ ။ ဒီသဘောတရားကို နားလည်လက်ခံမယ် ဆိုရင် ကိုယ့်နားမှာ အကုသိုလ် မကင်းတဲ့သူတွေ ကိုယ့်နားမှာ မနေနိုင်ကြတာ ကိုယ့်အတွက် ကောင်းတယ်လို့လည်း မှတ်ယူလို့ရပါသေးတယ် ။

တကယ်တော့ ဇနီးမောင်နှံ နှစ်ယောက် ၊ တယောက်က ကုသိုလ်ပဲ ပြုပြု ၊ အကုသိုလ်ပဲ လုပ်လုပ် ၊ ကျန်တဲ့ တစ်ယောက်က စိတ်တူ (စိတ်ပါ) မှ ရနိုင်တယ်။ စိတ်မတူရင် မရဘူး။ ပြုလုပ်သူသာလျှင် ရတယ်လို့ ဘာသာရေးအရ မှတ်သားခဲ့ဖူးတယ် ။ ပြီးတော့ မှတ်သားမိတာလေးလည်း ရှိသေးတယ် ။

မောင်ပုဏ္ဏဟာ တောထဲမှာ လယ်ယာတွေကို တစ်ယောက်တည်း၊ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်နေရတယ် ။ တရက်တော့ နံနက် ၁၁ နာရီလောက်ထိ ထမင်းမစားရသေးဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်က ဇနီးက ထမင်းလာ မပို့သေးလို့ ဖြစ်တယ် ။ လူ့ သဘော သဘာဝက ဆာနေတဲ့အချိန် မစားရရင် အလွန် ဒေါသဖြစ်တတ်တယ်။

မောင်ပုဏ္ဏမှာလည်း နေကပူ၊ အလုပ်ကပင်ပန်း ၊ ဗိုက်ကဆာ ထမင်းက ရောက်မလာသေး ၊ ဘယ်လောက် စိတ်တိုစရာ ကောင်းသလဲ ဆိုတာ စဉ်းစားကြည့်ပေတော့ ။ ဟော.. နေပူကြဲကြဲ ချွေးရွှဲရွှဲနဲ့ ထမင်းထုပ် ခေါင်းပေါ် ရွက်ပြီး ၊ ခြေလှမ်းသွက်သွက်နဲ့ လာနေတဲ့ ဇနီးသည် မြင်ရတော့ သူ့ဇနီးအပေါ် ထားတဲ့မေတ္တာစိတ်နဲ့ သူ့ဒေါသက အရှိန်တော့ လျော့ကျသွားတယ် ။ သူ့ကို တွေ့တွေ့ချင်း မိန်းမဖြစ်သူက..

" မောင်ရေ အချိန် နောက်ကျသွားတာ ခွင့်လွှတ်နော် ၊ မောင့်အတွက် လာပို့တဲ့ ထမင်းကို လမ်းမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို လှူဒါန်း လိုက်တယ် ၊ အဲဒါကြောင့် နောက်တစ်ခေါက်အိမ်ပြန်ပြီး ၊ ချက်ရလို့ မောင့်အတွက် နောက်ကျမှာ စိုးလို့ အမြန်ချက်ပြီး အမြန် လာခဲ့ရတယ် ၊ မောင် ဆာနေမယ် ဆိုတာ သိပါတယ် ။ ဒီတော့ မောင်ရယ် လမ်းမှာလှူခဲ့တဲ့ ဆွမ်းကုသိုလ်ရဲ့ အဖို့ကို မောင့်အား အမျှပေးပါတယ် " လို့ ဆိုပါတယ် ။

အဲဒီတော့ မောင်ပုဏ္ဏကလည်း စိတ်မဆိုးဘဲနဲ့ သူ့ဇနီးရဲ့သဒ္ဒါစိတ်နဲ့ သူ့အပေါ် ထားရှိတဲ့ မေတ္တာစိတ်ကို ခံစားနားလည်ပြီး ဝမ်းသာလွန်းလို့ " ဝမ်းသာလိုက်တာ ရှင်မရယ် ၊ သာဓု.. သာဓု .. သာဓု " လို့ ခေါ်လိုက်တယ် ။

" ဪ.. ဒါနဲ့ ရှင်မရေ ကိုယ်လည်း မနက်က အရှင်သာရိပုတ္တရာကို ရေနဲ့ဒန်ပူ လှူလိုက်သေးတယ်။ အဲဒါ ညီမကိုလည်း အမျှပေးပါတယ် ။"

" ဝမ်းသာလိုက်တာ မောင်ရယ် ။ သာဓု.. သာဓု " ပါလို့ အသိအမှတ် ပြုလိုက်တယ် ။

ဖြစ်နိုင်မယ် ဆိုရင် မိသားစု အစုံနဲ့ ရိုရိုသေသေ လေးလေးစားစား နဲ့ စိတ်တူ ကိုယ်တူ အလှူရေစက် လက်နဲ့မကွာ ကိုယ်တိုင်ကိုယ်ကျ လှူစေချင် ပါတယ် ။ အဲဒီလို လှူတတ်မှလည်း ဖြစ်လေရာဘဝမှာ ပါရမီရှင် စုံတွဲတွေ အဖြစ် အတူတူ အကျိုးပေးကြ မှာပါ ။ ချစ်တဲ့သူနဲ့ အတူတူ ကုသိုလ်ပြုပါလို့ တိုက်တွန်းပါရစေရှင် ။ မတူတဲ့ အမြင်များကို ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ် ။

မေသင်္ကြန်ဟိန်း ( မြစ်မခ )

for zawgyi

လင္မယားဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ ေက်းဇူးရွိတယ္

ေယာက္်ား ယူပီးမွ အမ်ိဳးသမီးက အပ်ိဳတုန္းကထက္ ပိုလွေနတယ္ ၊ ပိုပီးတင့္တယ္ေနတယ္ ဆိုရင္ အဲဒီ အမ်ိဳးသမီးဟာ လင္ေကာင္းကို ပိုင္ဆိုင္ထားရလို႔ လို႔ ဆိုၾကတယ္ ။ အိမ္ေထာင္က်ၿပီးမွ ခင္ပြန္းျဖစ္သူ အမ်ိဳးသားဟာ လူပ်ိဳ ဘဝတုန္းကထက္ ပိုၿပီး ခန႔္ ညား တင့္တယ္ေနတယ္ ဆိုရင္ သူဟာ ဇနီးေကာင္းကို ရရွိထားလို႔ လို႔ ဆိုၾကပါတယ္ ။

အပ်ိဳ လူပ်ိဳ ဘဝမွာထက္ ပိုၿပီး တင့္တယ္ေနတဲ့ ဇနီးေမာင္ႏွံေတြ ကေတာ့ ေရွးေရစက္ေၾကာင့္ ဆုံရတဲ့ စုံတြဲ၊ ေကာင္းမႈ ကုသိုလ္ အတူတူျပဳဖို႔ နတ္ဖက္တဲ့ အတြဲ လို႔လည္း ဆိုၾက ျပန္တယ္ ။ အဲဒီ အဆိုေတြကို နားလည္ လက္ခံမိပါတယ္ ။ အမ်ားစု ကေတာ့ လူပ်ိဳ၊အပ်ိဳဘဝတုန္းက မိဘရဲ႕အရိပ္ေအာက္မွာ ေနရစဥ္တုန္းက ေလာကဓံကို ႀကဳံရေပမဲ့ မိဘရဲ႕အမိုးအကာေအာက္မွာ ရွိေနတဲ့အတြက္ မျပင္းထန္ လွပါဘူး ။

ကိုယ့္အိမ္ေထာင္ ကိုယ့္မိသားစုနဲ႔ ျဖစ္လာခ်ိန္မွာ ေကာင္းေကာင္းဆိုးဆိုး ေလာကဓံ ႏွစ္မ်ိဳးစလုံးကို ကိုယ္တိုင္ကိုယ္က် ႀကဳံၿပီး ရင္ဆိုင္ျဖတ္သန္း ၾကရပါၿပီ ။ အဲဒီလို ကာလမွာ ကိုယ္လက္တြဲခြင့္ ရထားတဲ့ အိမ္ေထာင္ဘက္ရဲ႕ အရည္အေသြးဟာလည္း ေပၚလြင္ထင္ရွားလာ တတ္ပါတယ္ ။ ကိုယ္က နိမ့္ပါးေနခ်ိန္မွာ ကိုယ့္ကို ထားၿပီး အငယ္ေနာက္ လိုက္သြားတဲ့ သူေတြ၊ ကိုယ့္ရဲ႕ မရွိမဲ့ရွိမဲ့ ပိုက္ဆံေလးကို ယူၿပီး ကိုယ့္ကိုေတာ့ ထားပစ္ခဲ့ၿပီး ထြက္ေျပးသြားတဲ့ သူေတြ၊ စိတ္ဆင္းရဲၿပီး စိတ္ဓါတ္က်ေနတဲ့ကိုယ့္ကို မသိခ်င္ေယာင္ ေဆာင္ၿပီး ပစ္ထားတဲ့ သူေတြကို ဆင္းရဲခ်ိန္၊ နိမ့္ ပါးခ်ိန္၊ ဒုကၡေရာက္ခ်ိန္ မွာ ေတြ႕ရေတာ့ တာ ပါပဲ ။

အဲလို အိမ္ေထာင္ဘက္မ်ိဳးနဲ႔ ႀကဳံရတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြဟာ အိမ္ေထာင္က်ၿပီး ေနာက္မွာ ၿခဳံးၿခဳံးက် ၾကရတဲ့ ႐ုပ္သြင္နဲ႔ သြင္ျပင္ ျဖစ္ကုန္ ၾကတယ္။ သူတို႔ရဲ႕ မ႐ႊင္မလန္းတဲ့ မ်က္ႏွာနဲ႔ ညႇိဳးငယ္တဲ့ အသြင္က သူတို႔ ရရွိထားတဲ့ အိမ္ေထာင္ဘက္ေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို ျပသေနၾက ပါတယ္ ။ ေနာက္တမ်ိဳးကေတာ့ သူဘယ္ေလာက္ေကာင္းသလဲ ဆိုတာကို ကိုယ္တကယ္ဒုကၡေရာက္ခ်ိန္မွာ ပိုၿပီး သိလာရတဲ့သူမ်ိဳးပါ ။

ကိုယ္ အဆင္မေျပလို႔ ဒုကၡေရာက္ေနခ်ိန္မွာ နားလည္စြာနဲ႔ ေဘးကေနရွိၿပီး ရင္ဆိုင္ေပးတတ္သလို ၊ မိသားစုအတြက္ လိုအပ္ရင္ ေရွ႕ကထြက္ၿပီး တံတိုင္းႀကီးလို ကာကြယ္ေပးတယ္ ။ အေသးစား စိတ္ဖိစီးမႈပဲ ျဖစ္ျဖစ္ အႀကီးစား စိတ္ဖိစီးမႈေတြကိုပဲ ျဖစ္ျဖစ္ ကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာကိုလည္း အားေပးႏွစ္သိမ့္ရင္းနဲ႔ကိုယ္နဲ႔အတူတူ ေျဖရွင္းရင္ဆိုင္ေပးတယ္ ။ အဲဒီလိုမ်ိဳး အိမ္ေထာင္ဘက္ေကာင္းကို ပိုင္ဆိုင္ထားတဲ့ သူေတြကေတာ့ ျမင္ရတာနဲ႔တင္ သိသာေစတယ္ ။

႐ႊင္လန္းတယ္၊ ေက်နပ္ႏွစ္သိမ့္မႈ ရွိေနတဲ့ အၿပဳံးေတြနဲ႔ လႈပ္ရွားမႈေတြနဲ႔ သက္ဝင္ေနတယ္ ။ စိတ္ပိုင္းဆိုင္ရာ ေက်နပ္မႈ ရွိေနတဲ့အတြက္ လုံၿခဳံမႈတစ္ခုကို ရရွိထားတဲ့သူတစ္ဦးရဲ႕ အသြင္မ်ိဳးနဲ႔ ေတြ႕ျမင္ရပါတယ္ ။ အဲဒီလိုမ်ိဳး အိမ္ေထာင္ဘက္ေကာင္း ရရွိထားတဲ့ သူေတြပဲ ျဖစ္ျဖစ္၊ အိမ္ေထာင္ဘက္ဆိုးနဲ႔ ေရစက္ဆုံေနရတဲက သူေတြပဲျဖစ္ျဖစ္ အားလုံးကေတာ့ ဇနီးေမာင္ႏွံေတြျဖစ္ၾကၿပီ ဆိုကတည္းက အတိတ္ဘဝတုန္းက ကုသိုလ္၊ အကုသိုလ္ အတူတူ ျပဳဖူးခဲ့တဲ့သူေတြပါ။

ဒါေၾကာင့္ ကိုယ့္ရဲ႕ အိမ္ေထာင္ဘက္ေတြ အေပၚမွာ တန္ဖိုးထားသင့္တယ္ ။ သူ႔နဲ႔ကိုယ္နဲ႔ ေရစက္ရွိလို႔သာ ဆုံခဲ့ရတယ္ ။ ဒါေပမဲ့ အခ်ိဳ႕ကေတာ့ ေရစက္ေတြကလည္း တိုေတာင္းတတ္ ပါေသးတယ္ ။ ဘဝေရးမွာပဲ ျဖစ္ျဖစ္ အိမ္ေထာင္ေရးမွာပဲ ျဖစ္ျဖစ္ ကုသိုလ္၊ အကုသိုလ္ မတူတဲ့ သူေတြကလည္း ၾကာၾကာအတူ ေပါင္းသင္းေနထိုင္လို႔ မရပါဘူး ။ ဆိုပါေတာ့ အိမ္ေထာင္ရွင္မက ေကာင္းပါလ်က္နဲ႔ ဇနီးသည္အေပၚ ေဖာက္ျပန္တတ္တဲ့ ခင္ပြန္းမ်ိဳး ရွိေနတယ္ဆိုရင္ သူနဲ႔ကိုယ္က အက်င့္သီလမွာ မတူေတာ့ပါဘူး ။

မတူတဲ့ အတြဲေတြမွာ တစ္ေယာက္က ေကာင္းၿပီး တစ္ေယာက္က မေကာင္းတဲ့အတြက္ ကုသိုလ္၊ အကုသိုလ္ေတြကလည္း မတူႏိုင္ေတာ့ဘူး။ ဒါေၾကာင့္ မေကာင္းတဲ့သူဟာ ေကာင္းတဲ့သူ နားမွာ မေနႏိုင္လို႔ မေကာင္းတဲ့သူ အခ်င္းခ်င္း သြားေပါင္းၾကတာပါ ။ ဒီသေဘာတရားကို နားလည္လက္ခံမယ္ ဆိုရင္ ကိုယ့္နားမွာ အကုသိုလ္ မကင္းတဲ့သူေတြ ကိုယ့္နားမွာ မေနႏိုင္ၾကတာ ကိုယ့္အတြက္ ေကာင္းတယ္လို႔လည္း မွတ္ယူလို႔ရပါေသးတယ္ ။

တကယ္ေတာ့ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ ၊ တေယာက္က ကုသိုလ္ပဲ ျပဳျပဳ ၊ အကုသိုလ္ပဲ လုပ္လုပ္ ၊ က်န္တဲ့ တစ္ေယာက္က စိတ္တူ (စိတ္ပါ) မွ ရႏိုင္တယ္။ စိတ္မတူရင္ မရဘူး။ ျပဳလုပ္သူသာလွ်င္ ရတယ္လို႔ ဘာသာေရးအရ မွတ္သားခဲ့ဖူးတယ္ ။ ၿပီးေတာ့ မွတ္သားမိတာေလးလည္း ရွိေသးတယ္ ။

ေမာင္ပုဏၰဟာ ေတာထဲမွာ လယ္ယာေတြကို တစ္ေယာက္တည္း၊ ဆင္းရဲပင္ပန္းစြာ လုပ္ကိုင္ေနရတယ္ ။ တရက္ေတာ့ နံနက္ ၁၁ နာရီေလာက္ထိ ထမင္းမစားရေသးဘူး ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အိမ္က ဇနီးက ထမင္းလာ မပို႔ေသးလို႔ ျဖစ္တယ္ ။ လူ႔ သေဘာ သဘာဝက ဆာေနတဲ့အခ်ိန္ မစားရရင္ အလြန္ ေဒါသျဖစ္တတ္တယ္။

ေမာင္ပုဏၰမွာလည္း ေနကပူ၊ အလုပ္ကပင္ပန္း ၊ ဗိုက္ကဆာ ထမင္းက ေရာက္မလာေသး ၊ ဘယ္ေလာက္ စိတ္တိုစရာ ေကာင္းသလဲ ဆိုတာ စဥ္းစားၾကည့္ေပေတာ့ ။ ေဟာ.. ေနပူႀကဲႀကဲ ေခြၽး႐ႊဲ႐ႊဲနဲ႔ ထမင္းထုပ္ ေခါင္းေပၚ ႐ြက္ၿပီး ၊ ေျခလွမ္းသြက္သြက္နဲ႔ လာေနတဲ့ ဇနီးသည္ ျမင္ရေတာ့ သူ႔ဇနီးအေပၚ ထားတဲ့ေမတၱာစိတ္နဲ႔ သူ႔ေဒါသက အရွိန္ေတာ့ ေလ်ာ့က်သြားတယ္ ။ သူ႔ကို ေတြ႕ေတြ႕ခ်င္း မိန္းမျဖစ္သူက..

" ေမာင္ေရ အခ်ိန္ ေနာက္က်သြားတာ ခြင့္လႊတ္ေနာ္ ၊ ေမာင့္အတြက္ လာပို႔တဲ့ ထမင္းကို လမ္းမွာ ရွင္သာရိပုတၱရာ မေထရ္ျမတ္ကို လႉဒါန္း လိုက္တယ္ ၊ အဲဒါေၾကာင့္ ေနာက္တစ္ေခါက္အိမ္ျပန္ၿပီး ၊ ခ်က္ရလို႔ ေမာင့္အတြက္ ေနာက္က်မွာ စိုးလို႔ အျမန္ခ်က္ၿပီး အျမန္ လာခဲ့ရတယ္ ၊ ေမာင္ ဆာေနမယ္ ဆိုတာ သိပါတယ္ ။ ဒီေတာ့ ေမာင္ရယ္ လမ္းမွာလႉခဲ့တဲ့ ဆြမ္းကုသိုလ္ရဲ႕ အဖို႔ကို ေမာင့္အား အမွ်ေပးပါတယ္ " လို႔ ဆိုပါတယ္ ။

အဲဒီေတာ့ ေမာင္ပုဏၰကလည္း စိတ္မဆိုးဘဲနဲ႔ သူ႔ဇနီးရဲ႕သဒၵါစိတ္နဲ႔ သူ႔အေပၚ ထားရွိတဲ့ ေမတၱာစိတ္ကို ခံစားနားလည္ၿပီး ဝမ္းသာလြန္းလို႔ " ဝမ္းသာလိုက္တာ ရွင္မရယ္ ၊ သာဓု.. သာဓု .. သာဓု " လို႔ ေခၚလိုက္တယ္ ။

" ဪ.. ဒါနဲ႔ ရွင္မေရ ကိုယ္လည္း မနက္က အရွင္သာရိပုတၱရာကို ေရနဲ႔ဒန္ပူ လႉလိုက္ေသးတယ္။ အဲဒါ ညီမကိုလည္း အမွ်ေပးပါတယ္ ။"

" ဝမ္းသာလိုက္တာ ေမာင္ရယ္ ။ သာဓု.. သာဓု " ပါလို႔ အသိအမွတ္ ျပဳလိုက္တယ္ ။

ျဖစ္ႏိုင္မယ္ ဆိုရင္ မိသားစု အစုံနဲ႔ ႐ို႐ိုေသေသ ေလးေလးစားစား နဲ႔ စိတ္တူ ကိုယ္တူ အလႉေရစက္ လက္နဲ႔မကြာ ကိုယ္တိုင္ကိုယ္က် လႉေစခ်င္ ပါတယ္ ။ အဲဒီလို လႉတတ္မွလည္း ျဖစ္ေလရာဘဝမွာ ပါရမီရွင္ စုံတြဲေတြ အျဖစ္ အတူတူ အက်ိဳးေပးၾက မွာပါ ။ ခ်စ္တဲ့သူနဲ႔ အတူတူ ကုသိုလ္ျပဳပါလို႔ တိုက္တြန္းပါရေစရွင္ ။ မတူတဲ့ အျမင္မ်ားကို ေဆြးေႏြးဖို႔ ဖိတ္ေခၚပါတယ္။ ေက်းဇူးတင္ပါတယ္ ။

ေမသၾကၤန္ဟိန္း ( ျမစ္မခ )

Post a Comment

0 Comments