အံဆုံးသွားတွေကို ဘာကြောင့် နှုတ်ပစ်သင့်သလဲ

အံဆုံးသွားတွေဟာ ပါးစပ်ရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ အံဆုံးသွားတွေဟာ တချို့ဆိုရင် အသက် (၁၇) နှစ်မှ (၂၁) နှစ်အတွင်း ပေါက်ကြပါတယ်။ အံသွားဟာ သန္ဓေသား ဖြစ်တည်နေကတဲက ရှိပြီးဖြစ်ပါတယ်။

ကလေးအရွယ်မှာတော့ သွားက အချောင်း (၂၀) အရင် စပေါက်ပါတယ်။ နည်းနည်းလေး အသက်ကြီးလာတဲ့ အခါမှာတော့ (၃၂) ချောင်း ပေါက်ပါတယ်။ အသက် (၆) နှစ် (သို့) (၇) နှစ်ကနေစပြီးတော့ သွားတွေ စုံလာတာပါ။ (၁၄) နှစ်ဆိုရင်တော့ သွားတွေက စုံသလောက် ရှိနေပါပြီ။ အသက်(၂၁) နှစ်ရောက်ရင်တော့ အံဆုံး စပေါက်ပါတယ်။

ရှေးခေတ်က လူတွေဟာ ခေတ်မမီတာကြောင့် အသားတွေ အသီးအရွက်တွေကို ခုတ်လှီးပြီး စားသောက်ရမယ်မှန်း မသိကြပါဘူး။ အခွံမာသီးတွေ၊ အပေါ်ယံထူတဲ့ အရာတွေကို ပါးစပ်နဲ့ကိုက်ပြီး စားသောက်ကြတာကြောင့် သူတို့ရဲ့သွားတွေဟာ အလွန်ကိုသန်မာပါတယ်။

ယနေ့ခေတ်မှာတော့ လူတွေက ဓါးတွေ၊ မီးတွေကို အသုံးပြုလာတာကြောင့် သွားတွေကို သိပ်အသုံးပြုစရာ မလိုတော့ပါဘူး။ အစားအသောက် နူးညံ့တာတွေ စားတာကြောင့်လည်း သွားတွေရဲ့ ကြံ့ခိုင်နိုင်စွမ်းက နည်းပါးလာပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အနည်းစုပါပဲ။ ဆေးပုံမှန်သောက်၊ သွားအတွက် အားဖြစ်စေမယ့် အရာတွေကိုစားသောက်ရင်တော့ သွားတွေကခိုင်မာနေမှာပါပဲ။

အသက်ကြီးလာတာနဲ့အမျှ လူတွေရဲ့ မေးရိုးတွေဟာ ကျုံ့လာပါတယ်။ အစားအစာနဲ့ ခန္ဒာကိုယ်ရဲ့ပြောင်းလဲမှုတွေကြောင့် ကျုံ့လာတာပါ။ ဒါကြောင့် အံဆုံးသွားတွေ ပေါက်လာတဲ့အခါ မခံနိုင် ဖြစ်လာတတ်ပါတယ်။ သွားဖုံးထဲမှာ ပေါက်ပြီး နေရာက ကျဉ်းမြောင်းတာကြောင့် တော်တော်ကို ခံစားရပါတယ်။

ဒီလိုပေါက်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်က မတူညီကြပါဘူး။ တစ်ခါတစ်လေ အလျားလိုက် ပေါက်တတ်ပြီး တော်တော်ကိုအအိပ်ပျက် အစားပျက်စေတာပါ။

မေးရိုးနဲ့ ကပ်ပြီးပေါက်တာကြောင့် ရောဂါပိုးက ကူးလွယ်ပြီးတော့ အခြားသွားတွေနဲ့ တစ်သျှူးတွေကို ပျက်စီးစေပါတယ်။ ကြာလာရင်တော့ နှာခေါင်းပေါက်တွေ နာကျင်တာတွေ၊ နှာပိတ်တာတွေ စတာတွေကိုဖြစ်ပေါ်လာစေပါတယ်။

တချို့ကျတော့လည်း အံသွားက တစ်ဝက်လောက်သာ ပေါက်ပြီးတော့ သွားဖုံးကို သွားထောက်နေတတ်ပါတယ်။ ဒါဟာ သွားဖုံးတွေကို တော်တော်နာကျင်စေတဲ့အပြင် တစ်ခုခုကိုဝါးတိုင်း သွားဖုံးကို ကိုက်မိတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ သွားဖုံးနာကျင်တာတွေ ဖြစ်ပေါ်စေပြီး ပါးစပ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်စေပါတယ်။

တကယ်လို့ သင့်မှာ အံဆုံးပေါက်လာပြီ ထင်ရင်တော့ သွားဆရာဝန်ဆီ သွားပြသင့်ပါတယ်။ သင့်ရဲ့ သွားအမြစ်စနစ်နဲ့ သွားပေါက်ပုံတွေကို ဓာတ်မှန်ရိုက်စစ်ဆေးပြီးတော့ သွားကို နှုတ်သင့်မနှုတ်သင့် ပြောပါလိမ့်မယ်။ ဒါဟာ လူတိုင်းဖြစ်နိုင်ပြီးတော့ တချို့ကတော့ မပေါက်ကြပါဘူး။

အထူးသဖြင့် အသက် (၁၂) ကနေ (၂၁) နှစ်အတွင်း ပေါက်တာများပါတယ်။ အသက် (၃၀) ကျော်မှ ပေါက်ရင်တော့ အံသွားကို နှုတ်တာ အခက်အခဲ ရှိနိုင်ပါတယ်။

တကယ်လို့ အောက်က အချက်အလက်တွေနဲ့ ကွက်တိဖြစ်နေရင်တော့ သင့်အံသွားကို နှုတ်ဖို့ မလိုအပ်ပါဘူး။ ဘယ်လိုမျိူးတွေလဲ ဆိုတော့

- လုံးဝ ကျန်းမာပါတယ်။ သွားလည်း မကိုက်သလို နာလဲမနာပါဘူး။

- ဖြောင့်ဖြောင့်တန်းတန်းနဲ့ နေရာမှန် ပေါက်ပါတယ်။

- တစ်ခုခု စားတိုင်းလည်း သွားဖုံးကို မကိုက်မိပါဘူး။ ဒီအချက်တွေနဲ့ ပြည့်နေရင် နှုတ်စရာမလိုပါဘူး။ ဒီအချိန်မှာ သွားကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ အံဆုံးပေါက်တာဟာ အလွန်ကို နာကျင်ပြီးတော့ အစားအသောက် ပျက်စေလို့ပါ။

Zombie (lovemedia)

Post a Comment

0 Comments