ဆရာငြိမ်း၏ 5.Aug.2021 မှ 11.Aug.2021 အထိ ၇ ရက်သားသမီး ဟောစာတမ်း

5.Aug.2021 မှ 11.Aug.2021 အထိ တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

မိမိအတွက် တွေဝေဒွိဟဖြစ်စရာများ ၊ဆုံးဖြတ်ရခက်စရာများ ကြုံရတတ်ပါတယ်။ ခရီးတွေလဲသွားရတတ် ပါတယ်။ မိမိကို လုပ်ဖော်ကိုင်ဖက်တွေက အထင်လွဲနေပါလိမ့်မယ်။ မိမိလုပ်စရာရှိတာ ရဲရဲရှေ့တိုးဆောင်ရွက်ပါ။ သားသမီးရှိရင်လဲ ဆိုဆုံးမရ ခက်နေပါလိမ့်မယ်။ မိမိအနေနဲ့ အေးအေးဆေးဆေးပဲ ပြောဆိုဆုံးမပေးပါ။ စိတ်လိုက် မာန်ပါမလုပ်ပါနဲ့။ အိမ်တွင်းရေးအနေနဲ့က အမွေကိစ္စနဲ့ပတ်သက်ပြီး ပြဿနာ ပေါ်ရတတ်ပါတယ်။

ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ လဲ ပြန်လည်ဆုံဆည်းရမှာပါ။ တရားဘာဝနာ အားထုတ်နေတဲ့ သူတွေအနေနဲ့လဲ တရားထူးရလာပါ လိမ့် မယ်။ လူမှုရေးကံ အထူးကောင်းမွန်နေမဲ့ အချိန်ပါပဲ။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေမည်။ အခက်အခဲပြဿနာများ ရင်ဆိုင်ဖြေရှင်းရမည်။ သူများငွေကြောင့် ဒုက္ခရောက်တတ်သည်။ ကြားက အာမခံပေးတာမျိုး မလုပ်ပါနဲ့။ သူများငွေ ခဏ သိမ်းခိုင်းတာမျိုး ၊အဖွဲ့အစည်းက ငွေတွေ ခဏသိမ်းခိုင်းတာမျိုးတွေ လက်မခံပါနှင့် ။

အလုပ်ပြောင်း၊ နေရာ ပြောင်း၊ ဌာနပြောင်း ၊အိမ်ပြောင်း ဆိုတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ ဒီကာလထဲ ရွှေဝယ်တာမျိုး မလုပ်ပါနဲ့။ လာဘ်ပိတ် သွားတတ်လို့ပါ။ သားသမီးကိစ္စ အထူးပူပန်ရတတ်တယ်။ လူငယ်တွေချစ်သူရဲ့ ဥပက္ခာပြုခြင်း ခံရတတ်ပါ တယ်။ ကျန်မားရေးအနေနဲ့ ကိုယ်လက်မအီမသာဖြစ်တာ ၊သွေးတိုးတာ လေးလံထိုင်းမှိုင်းနေတာမျိုး ကြုံရပါလိမ့် မယ်။

အကျိုးပေးဂဏန်း -ဝ၊ ၇၊ ၆

အထူးဟော - မလုပ်ချင်မကိုင်ချင် ဖြစ်နေမည်။

ယတြာ -ပေါင်မုန်ဝယ်ပြီး ငါးစာကျွေးလိုက်ပါ။

တနင်္လာ

ကံကောင်းခြင်းတွေ အလှည့်ကျလာတဲ့ ၇ရက်တာ အချိန်အခါလေးပါပဲ။ လုပ်သမျှ အဆင်ပြေခြင်း၊ ကြံစည်သမျှ အောင်မြင်ခြင်း၊ ပြောသမျှ သြဇာညောင်းခြင်းမျိုးတွေ ကြုံရမှာပါ။ အနာဂတ်အတွက် target သစ်တွေစတင် ချမှတ်လို့ ကောင်းပါပြီ။ ရေရှည်စီမံ လုပ်ကိုင်ရမဲ့ အလုပ်တွေကို ယခုအချိန် စတင်ခြင်းဖြင့် ခိုင်မာတဲ့ လုပ်ငန်းတစ်ခု အနေနဲ့ အခြေတည်လာပါလိမ့်မယ်။

အလှူအတန်းကိစ္စများ ဘာသာရေးနဲ့ ပတ်သက်သော ကိစ္စများတွင် ဝင်ရောက် လုပ်ကိုင်ပေးရတတ်တဲ့အချိန်ပါပဲ။ ရွှေငွေ လက်ဝတ်ရတနာတွေလဲ ဝင်လာတတ်ပါတယ်။ သားသမီးရှိရင် သားသမီး ကြောင့် မိဘတွေဂုဏ်တတ်မဲ့ အချိန်ပါ။ လုပ်ငန်းစီးပွား အထူးကောင်းမဲ့ကာလပါ။ လုပ်ငန်းသစ် စတင်ခြင်း၊ လုပ်ငန်းချဲ့ ထွင်ခြင်း ပြုလုပ်လို့ကောင်းတဲ့ အချိန်ပါပဲ။ အလုပ်မှာ နေရာကောင်းရလွယ်တယ်။ ရာထူးတိုးပြီး အလုပ်နေရာပြောင်း ပြီး တာဝန်ထမ်းဆောင်ရတတ်တယ်။

မိမိအား ကူညီမဲ့သူတွေ အနားမှာရှိမဲ့ ကာလပါ။ မိမိသြဇာ ညောင်းမဲ့အချိန်တွေပေါ့။ ကောင်းသောခရီးတွေ သွားရတတ်တယ်။ ကုသိုလ်တရားတွေလဲ စိတ်ပါလက်ပါ လုပ်ဖြစ်နေလိမ့်မယ်။ လူငယ် တွေ ကတော့ ချစ်သူအချင်းချင်း အထင်လွဲမဲ့ကာလပါ။ အိမ်ထောင်သည်တွေကတော့ စုတ်ရော ၊လာဘ်ရော ဝင်တတ်တဲ့အတွက် သတိထားပါ။ အိမ်တွင်းမှာငွေကုန်ကြေးကျများမဲ့ ကာလတစ်ခုပါ။ ကျန်းမာရေးအညံ့ရှိပေမဲ့ အရမ်းစိုးရိမ်ဖို့ မလိုသေးပါ။

အကျိုးပေးဂဏန်း-၆၊ ၃၊ ဝ

အထူးဟော -ကံကောင်းနေမည်။

ယတြာ -ပုစွန်ဟင်းချက်ပြီး ဘုရားရှင်ကို ဆွမ်းကပ်ပါ

အင်္ဂါ

ဒီကာလဟာ ဇာတာရှင်အတွက် အကောင်းဘက်ကို အလေးသာတဲ့ ကာလပါပဲ။ စိတ်ကူးထဲမှာရော လက်တွေ့မှာရော မျော်လင့်ထားတာလေးတွေ ဖြစ်လာပါလိမ့်မယ်။ မိမိနဲ့အတူတူ လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက မိမိကို အချစ်ပိုလာတတ်ပါတယ်။ အလုပ်မှာ ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုးကြုံ ရပါလိမ့်မယ်။ ပုဂ္ဂိုလ်ထူး တွေရဲ့ အိပ်မက်မက်ပေးခြင်းမျိုး ကြုံရပါက ထီထိုးလိုက်ပါ။ ငွေအစုလိုက်ဝင်မဲ့ နိမိတ်မို့ပါ။

စူးစမ်းလေ့လာရမဲ့ အလုပ်များ၊ ဖောက်ထွက်ပြီး လမ်းသစ်ထွင်ရမဲ့ အလုပ်များ အထူးကောင်းမွန်ချိန်ပါပဲ။ ဘာကိစ္စကိုမှ အလောတကြီးမလုပ်ဘဲ ဖြေးဖြေးမှန်မှန်လုပ်ခြင်းဖြင့် အောင်မြင်မှုတွေ ရယူနိုင်ပါလိမ့်မယ်။အထည်၊ထီး ၊ဖိနပ်ဝင်မဲ့ကာလပါ။ အချစ်ရေးမှာ စန်းပွင့်နေတဲ့အတွက် ယုန်ကမတိုး ပိုက်ကတိုးတဲ့ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။ ကံကောင်းနေတာတစ်ခုက ချစ်သူက စိတ်ကောက်နေတာ၊ အထင်လွဲနေတာမျိုး ရှိရင်တော့ ဖြေရှင်းနိုင်ပါလိမ့်မယ်။

လက်စမသတ်ရသေးသော ကိစ္စများ၊ အလုပ်ကြွေးများ ဒီအချိန်မှာ ပြီးဆုံးအောင်လုပ်နိုင်မဲ့ကာလပါပဲ။ ကိုယ်ပိုင်အလုပ် လုပ်နေတဲ့သူများအဖို့ အလုပ်ထဲ ငွေထပ်မထည့်သင့်သေးတဲ့ ကာလပါ။ လင်မယားချင်း အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးစကားများရမည်။ ကျန်းမာရေးကတော့ ဒီကာလထဲမှာ အနည်းငယ်ညံ့နေတယ်လို့ မြင်ပါတယ်။ အိမ်ရေးမပျက်စေနဲ့။ ကိုယ်ခံအားမကျ ပါစေနဲ့။

အကျိုးပေးဂဏန်း -၃၊ ၂၊ ဝ

အထူးဟော- ပုံမှန်အတိုင်း ရှေ့တိုးဆောင်ရွက်ပါ။

ယတြာ -မျက်နှာသစ်ပြီးတိုင်း အရပ်ဆယ်မျက်နှာ ရည်မှန်းမေတ္တာပို့ပါ

ဗုဒ္ဓဟူး၊ ရာဟု

အလုပ်သစ်စတင်ခြင်း ၊ဆိုင်အသစ်စဖွင့်ခြင်း၊ အိမ်အသစ် စတင်ဆောက်ခြင်းတွေ မလုပ်သင့်သေးတဲ့ ကာလ ပါပဲ။ အလုပ်ထဲမှာ ရန်ပေါ်တတ်တယ်။ အထက်လူကြီး ငြိုငြင်မယ်။ ကိုယ်ကစေတနာနဲ့ လုပ်လိုက်ပေမဲ့ ဝေဒနာ ဖြစ်သွားတတ်တဲ့ ကာလပါပဲ။ ဘာကြောင့်မှန်းမသိ အလိုလိုနေရင်း စိတ်ညစ်နေရတတ်ပါတယ်။ ဘာလုပ်ရမှန်းမသိဘဲ စိတ်လေနေတာမျိုးလဲ ဖြစ်တတ်တယ်နော်။

ဒီကာလမှာ အနေအထိုင် မဆင်ခြင်တာနဲ့ ကျန်းမာရေး ခြူခြာတော့တာ ပါပဲ။ မိုးမိတာမျိုး အရမ်းပင်ပန်းအောင် အလုပ်လုပ်လိုက်တာမျိုး ရှောင်စေချင်ပါတယ်။ အိပ်ရေးလဲ အပျက်မခံပါ နဲ့။ မိမိမှာရှိတဲ့ စက်ပစ္စည်းတွေ ခဏခဏ ပျက်နေရလိမ့်မယ်။ စက်ပစ္စည်းအသစ်တွေလဲ မဝယ်ပါနဲ့။ ဒီကာလဟာ ဘာသာတရားကို လေးလေးနက်နက် လုပ်ခြင်းဖြင့် ကံကောင်းမှုတွေ ရှိလာမှာပါ။

အနီးကပ်လူရင်းတွေက ဒုက္ခပေးတတ်ပါ တယ်။ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ခွဲခွာရ တတ်ပါ တယ်။ ခရီးကိစ္စကြုံလာပါက သွားလိုက်ပါ။ ကံတွေမြင့်လာ ပါလိမ့် မယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက် ၊ခေါင်းမူး၊အာရုံကြောအားနည်းခြင်းတွေ ဖြစ်လိမ့်မယ်။ အချစ်ရေးမှာ မတင်မကျနဲ့ ဆုံးဖြတ်ရခက်ရတာမျိုး ကြုံလိမ့်မယ်။ အိမ်ထောင်ရေးကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးဖေး မမနဲ့ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၃၊ ၆ ၊၅

အထူးဟော -ကံအညံ့ထဲ ရောက်နေသည်။

ယတြာ -ကလေးတစ်ယောက်အား ကစားစရာ အရုပ်တစ်ခု ဝယ်ပေးလိုက်ပါ။

ကြာသပတေး

ဒီကာလဟာ ငွေအထွက်များနေတတ်တဲ့ ကာလပါပဲ။ အိမ်အတွက် ဝယ်စရာတွေ ရှိတဲ့အတွက် ငွေကုန်ရခြင်း မျိုးပါပဲ။ အိမ်ထောင်ရေး အိမ်တွင်းရေးတော့ အထူးသတိထားရပါလိမ့်မည်။ လင်မယားချင်း စကားများရတတ်တဲ့ ကာလမို့ပါပဲ။ မိသားစုအတွင်း အောက်လက်ငယ်သားတွေကြောင့် စိတ်ညစ်စိတ်ရှုပ် ရတတ်ပါတယ်။ ခရီးရှည်သွား ဖို့ကိစ္စများ ရှိရင်ပျက်သွားတတ်ပါတယ်။

မိမိရဲ့ အဖိုးတန်ပစ္စည်း အသုံးအဆောင်များကို လွယ်လင့်တကူမထားပါနဲ့ ။ သူခိုး ခိုးခံရတတ်လို့ပါပဲ။ ခရီးသွားအလုပ်တွေ၊ စပ်တူအလုပ်တွေ၊ အုပ်စုဖွဲ့လုပ်ကိုင်ရတဲ့ အလုပ်တွေနဲ့ပတ်သက်ပြီး သောကရောက်ရတတ်တယ်။ သားသမီးကြောင့် စိတ်ဆင်းရဲရလိမ့်မယ်။ ဒီကာလအတွင်း အထူးသတိပြုရမှာကတော့ ကျန်းမာရေးပါ။ ဝမ်းပျက်စာတွေ လုံးဝမစားပါနဲ့။ အစားမှားတာနဲ့ ဝမ်းပျက် ဝမ်းလျောဖြစ်မယ်။ ဗိုက်အောက် ၊ဗိုက်နာ ဖြစ်မည်။

အချစ်ရေးကိစ္စတော့ အဆင်ပြေချောမွေ့နေမဲ့ ကာလပါ။ ချစ်သူမရှိသေးသူများ ချစ်သူသစ်ရလိမ့်မယ်။ ကိုယ် ရည်မှန်းထားသူက ကိုယ့်ကို ဖွင့်ပြောလာတတ်ပါတယ်။ အထူးသဖြင့် ဒီကာလမှာ လုံးဝငွေမချေးပါနဲ့။ ဆုံး တတ် ပါ တယ်။ ကြီးမားတဲ့ ငွေကြေးမြုပ်နှံမှုတွေမလုပ်ပါနဲ့အုံး။ ငွေမြုပ်ရင် ဖော်ရခက်ခဲ ကာလပါပဲ။ ကိုယ့်ငွေနဲ့ ကိုယ် စိတ်ဆင်း ရဲရတတ်ပါတယ်။

အကျိုးပေးဂဏန်း -၅၊ ၄၊ ၈

အထူးဟော -ငွေကြေးကို သေချာစီမံခန့်ခွဲပါ။

ယတြာ -အားတဲ့တစ်ရက်မှာ အိမ်ကဘုရားကို ရေသပ္ပါယ်ခြင်း၊ ဘုရားဆောင် သန့်ရှင်းရေးလုပ်ပါ

သောကြာ

မိမိကို ဒုက္ခပေးမဲ့သူတွေရှိသလို မိမိကို ကူညီမဲ့သူတွေလဲ ရှိမဲ့ကာလပါ။ မိမိဘက်က မှန်အောင်နေပါ။ အရာ အားလုံးဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ဖခင်ရဲ့ ကူညီထောက်ပံ့ခြင်းတွေလဲ ရလာမဲ့အချိန်ပါပဲ။ အလုပ်ထဲမှာ လူကြီးတွေရဲ့ အရေးပေးခြင်းမျိုး ခံရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ဖောက်သည်သစ်တိုးခြင်း လုပ်ငန်းချဲ့ထွင်နိုင် ခြင်းမျိုး ရှိပါလိမ့်မယ်။

ဝန်ထမ်းများ အနေနဲ့လဲ အလုပ်ထဲမှာ မိမိပြောစကားများ အောင်မြင်မဲ့အချိန် ပါ။ ကံကြမ္မာကောင်း နိမိတ်ကောင်းတွေရမဲ့နေ့ပါပဲ။ ရေရှည်စီမံကိန်းတွေ ချမှတ်သင့်တဲ့နေ့ဖြစ်သလို ၊အဓိဌာန်စတင်ဝင်ရောက် မဲ့သူ တွေအတွက် အကောင်းဆုံး ကာလပါပဲ။ စတင် တရားအားထုတ်မဲ့သူတွေအတွက် တရားရဖို့ အထောက်အပံ့ ကောင်းရ စေတဲ့အချိန်ပါပဲ။ စီးပွားရေး လူမှုရေးအထူးကောင်းမယ်။ လုပ်သမျှ အဆင်ပြေနေမယ်။ စိတ်ချမ်းသာရ မယ်။ အရမ်းရင်းနှီသူတွေ ရဲ့ခွဲခွာရလိမ့်မယ်။

အိမ်ထောင်ရေး သာယာမှုနည်းတဲ့ အချိန်ပါပဲ။ ဖခင်ကျန်းမာရေး အထူးဂရုစိုက်ရလိမ့်မယ်။ အလုပ်ထွက်ချင်စိတ် ဖြစ်နေတဲ့ ဝန်ထမ်းများအဖို့ မထွက်ပါနဲ့အုံး။ ပိုဆိုးသွားတတ်ပါတယ်။ အချစ်ရေး မှာတော့ ချစ်သူထံက အကူအညီတွေ အထူးရလာတတ်ပါတယ်။ ကျန်းမာရေး အနည်းငယ် အားနည်းတတ်ပါတယ်။ ဦးနှောက်၊ အာရုံကြောနှင့် နှလုံးအားနည်းတတ်ချိန်ပါ။

အကျိုးပေးဂဏန်း -၆၊ ၃၊ ၂

အထူးဟော အလုပ်ကံ မြင့်နေသည်။

ယတြာ ကန်စွန်းဥပြုတ် ဘုရားကပ်ပါ

စနေ

လုပ်သမျှတွေဟာ အထစ်အငေါ့လေးတွေဖြစ်ပြီးမှ အဆင်ပြေရတတ်ပါတယ်။ ကြံစည်လိုက်တဲ့ ကိစ္စတိုင်း လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ ကိစ္စတိုင်း အတားအဆီးကြုံရတတ်ပါတယ်။ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မနာလိုချောက်ချခြင်းကို ခံရမဲ့အချိန်ပါပဲ။ ဘယ်သူစကားပြောပြော သတိလေးကပ်ထားပါ။ စကားအမှားတွေကြောင့် ပြဿ နာအကြီးအကျယ် တတ်ရပါလိမ့်မယ်။ အသံကြောင့် ဖားသေဆိုတာမျိုးပေါ့။

ခရီးရှည်သွားဖို့ရှိရင် ရက်ရွှေ့ လိုက်ပါ။ အထူးသဖြင့် ရေလမ်းခရီးဆို မသွားတာ အကောင်းဆုံးပါပဲ။ အုပ်စုဖွဲ့ ပြဿ နာရှာခြင်း ကြုံရတတ်သည်။ မိသားစုအတွင်း သဘောထားကွဲလွဲမည်။ အိမ်ထောင်ရေးသောက ကြီးကျယ်စွာကြုံရမည်။ အိုးအိမ်နေရာထိုင်ခင်း ကိစ္စကြောင့် စိတ်ညစ်ရမည်။ အမွေကိစ္စ မြေကိစ္စနဲ့ပတ်သက်ပြီး စကားပြောရမည်။

အထက်လူကြီး ငြိုငြင်တာ ခံရမည်။ အဖေ့ဘက်က အမျိုးတွေ ဒုက္ခပေးလိမ့်မည်။ ပညာရေးကိစ္စ ညံ့နေသည်။ စာမေးပွဲကိစ္စ ၊အင်တာဗျူးကိစ္စ အဆင် မပြေကြုံမည်။ မိမိအကျိုးစီးပွား မလုပ်ရဘဲ သူတစ်ပါးကိစ္စ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန် နေတတ်သည်။ ကျန်းမာရေးကတော့ ကောင်းနေမှာပါ။ ချစ်သူနဲ့ ဝေးဝေးနေသင့်တဲ့ ကာလပါ။ တွေ့တာနဲ့ စကားများရတတ်တယ်။

အကျိုးပေးဂဏန်း- ၁၊ ၂၊ ၆

အထူးဟော -ဗျာများရမည်

ယတြာ -မိမိအိမ်ရှေ့လမ်းမှာ ငွေ ၅၀၀ ခန့် ပံ့သကူပစ်ပါ

၇ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ် ၃ ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

Post a Comment

0 Comments