ထောင်ချောက် ရှိတယ်

တစ်ခါက ရဲစခန်းတစ်ခုရဲ့ လိုင်းထဲမှာ ကြွက်တစ်ကောင် ရှိတယ် ။ ကြွက် ဆိုတာမျိုးက သိတဲ့အတိုင်း အဖျက်သမားလို့ သိထား တာကြောင့် လူတိုင်းက မုန်းကြတယ်။ တစ်နေ့တော့ ကြွက်က စခန်းမှူး စားမယ့် ကိတ်မုန့်ကို ကိုက်စားသွားတဲ့အခါ စခန်းမှူးရဲ့ မိန်းမက စိတ်ဆိုးပြီး ကြွက်ကို ထောင်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ် ။

ကြွက်ကို ဘာနဲ့ ဖမ်းရမလဲ ။ ကြွက်ဆေးချရင် ဘယ်မှာ သွားသေမှန်း မသိ ။ ပုပ်ရင် နံမယ်။ ပြီးတော့ အခန့် မသင့်ရင် ကလေးတွေ အတွက် အန္တရာယ် ရှိနိုင်တယ်။ ဒီတော့ ကြွက်ကို ကြွက်ထောင်ချောက်နဲ့ ဖမ်းမယ်။

ကြွက်ထောင်ချောက်ကို ဝယ်လာပြီးတော့ လိုင်းထဲမှာ အစာနဲ့ မျှားပီး ထောင်ထားတယ်။ ကြွက်ကလည်း ခေသူမဟုတ်တော့ ထောင်ချောက်မှန်း သိတယ် ။ ဒါကြောင့်..

" လိုင်းထဲမှာ ထောက်ချောက် ရှိတယ်.. လိုင်းထဲမှာ ထောင်ချောက်ရှိတယ် " လို့ လိုက်အော်တယ်။ အော်ရုံနဲ့ မပြီးသေးဘူး ၊ လိုင်းထဲမှာ မွေးထားတဲ့ ဝက်ကို သွားပြောတယ်။

" ကိုဝက်ကြီးရေ လိုင်းထဲမှာ ထောင်ချောက် ရှိတယ် "

" အဲဒီ ထောင်ချောက်က မင်းအတွက်... ငါ့အတွက် မဟုတ်ဘူး "

ဒါနဲ့ ကြွက်က နွားဆီ သွားပြန်တယ် ။

" ကိုနွားကြီး လိုင်းထဲမှာ ထောင်ချောက် ရှိတယ်ဗျ "

" အဲဒါ မင်းတို့ ကြွက်တွေ အတွက်... ငါတို့နွားတွေနဲ့ ဘာဆိုင်သလဲ "

ကြွက်က စိတ်ပျက်သွားတယ် ။ သူက လိုင်းထဲမှာ လျှောက်အော်တယ် ။

" လိုင်းထဲမှာ ထောင်ချောက်ရှိတယ်... လိုင်းထဲမှာ ထောင်ချောက်ရှိတယ် "

နောက်ဆုံး ဒေါ်ကြက်မ ဆီ သွားပြန်တယ် ။

" အဒေါ် လိုင်းထဲမှာ ထောင်ခြောက်ရှိတယ် "

" ဟဲ့ ငါနဲ့ ဘာဆိုင်သလဲ "

ဘယ်သူမှလည်း ကြွက်လေးရဲ့ စကားကို နားမထောင်ကြ ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကြွက်ထောင်ချောက် ဆိုတာ ကြွက်အတွက်ပဲလေ ။ နွားတွေ၊ ခွေးတွေ၊ ဝက်တွေ၊ ကြက်တွေ အတွက်မှ မဟုတ်တာ ။ သတိထားနေတဲ့ ကြွက်က ထောင်ချောက်နားကို မကပ်ပါဘူး ။ ဒါပေမဲ့ တစ်ညတော့ ကြွက်ထောင်ချောက်ကနေ..

" ချောက် " ဆိုတဲ့ အသံ ကြားလိုက်ရတယ် ။ စခန်းမှူးကတော် ကလည်း ဝမ်းသာအားရ...

" သေချင်းဆိုးကြွက် ခုတော့ ဘာတတ်နိုင်သေးလဲ " ဆိုပြီး ဝမ်းသာအားရ လက်နှိပ်မီးနဲ့ ဗီရိုအောက်ကို ထိုးကြည့် တယ်။

ထောင်ချောက်မှာ မိနေတာက ကြွက် မဟုတ်ပဲ မြွေဖြစ်နေတယ် ။ အမြီးကို ထောင်ချောက်မှာ မိနေတာဆိုတော့ ဒေါသ ထွက်နေတဲ့ မြွေဟာ ဗီရိုအောက်ကို ငုံ့ကြည့်တဲ့ မိန်းမရဲ့ မျက်နှာကို ကိုက်လိုက်တယ်။

မြွေကိုက်ခံရတဲ့ မိန်းမကို ဆေးရုံ ပို့ကြတာပေါ့။ ဆေးရုံမှာ အပြင်းအထန် ဝေဒနာ ခံစားနေရတဲ့ မိန်းမကို စားပါစေ ဆိုပြီး လိုင်းထဲက ကြက်ကိုသတ်၊ စွပ်ပြုတ်လေး လုပ်ပြီး သွားပို့ကြတယ် ။

ဒါပေမယ့် မြွေဆိပ်က ပြင်းတော့ မိန်းမလည်း သေတယ်။ မိန်းမသေတော့ ရက်လည် မတိုင်ခင် ဝိုင်းလုပ် ဝိုင်းစားနဲ့ ရွာကလာတဲ့ အမျိုးတွေ ကျွေးဖို့ ဆိုပြီး ဝက်ကို ပေါ်ရတယ်။ ရက်လည်နေ့ မှာလည်း တစ်ရွာလုံးနဲ့ တပ်ဖွဲ့ဝင်တွေအားလုံးကို ကျွေးဖို့ ဆိုပြီး နွားပေါ်ရပြန်တယ် ။

ကြွက်ကတော့ အော်ပါတယ် ။

" လိုင်းထဲမှာ ထောင်ချောက်ရှိတယ်... လိုင်းထဲမှာ ထောင်ချောက် ရှိတယ် "

ကြွက်ထောင်ချောက်ဟာ ကြွက်အတွက်လောက်ပဲ ထင်နေကြတော့ အားလုံး သေကြတော့ တာပေါ့ ။

( ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်လည်ရေးကြည့်တာပါ )

တင်ညွန့်

for zawgyi

ေထာင္ေခ်ာက္ ရွိတယ္

တစ္ခါက ရဲစခန္းတစ္ခုရဲ႕ လိုင္းထဲမွာ ႂကြက္တစ္ေကာင္ ရွိတယ္ ။ ႂကြက္ ဆိုတာမ်ဳိးက သိတဲ့အတိုင္း အဖ်က္သမားလို႔ သိထား တာေၾကာင့္ လူတိုင္းက မုန္းၾကတယ္။ တစ္ေန႔ေတာ့ ႂကြက္က စခန္းမႉး စားမယ့္ ကိတ္မုန႔္ကို ကိုက္စားသြားတဲ့အခါ စခန္းမႉးရဲ႕ မိန္းမက စိတ္ဆိုးၿပီး ႂကြက္ကို ေထာင္ဖမ္းဖို႔ ဆုံးျဖတ္လိုက္တယ္ ။

ႂကြက္ကို ဘာနဲ႔ ဖမ္းရမလဲ ။ ႂကြက္ေဆးခ်ရင္ ဘယ္မွာ သြားေသမွန္း မသိ ။ ပုပ္ရင္ နံမယ္။ ၿပီးေတာ့ အခန႔္ မသင့္ရင္ ကေလးေတြ အတြက္ အႏၲရာယ္ ရွိႏိုင္တယ္။ ဒီေတာ့ ႂကြက္ကို ၾကြက္ေထာင္ေခ်ာက္နဲ႔ ဖမ္းမယ္။

ႂကြက္ေထာင္ေခ်ာက္ကို ဝယ္လာၿပီးေတာ့ လိုင္းထဲမွာ အစာနဲ႔ မွ်ားပီး ေထာင္ထားတယ္။ ႂကြက္ကလည္း ေခသူမဟုတ္ေတာ့ ေထာင္ေခ်ာက္မွန္း သိတယ္ ။ ဒါေၾကာင့္...

" လိုင္းထဲမွာ ေထာက္ေခ်ာက္ ရွိတယ္... လိုင္းထဲမွာ ေထာင္ေခ်ာက္ရွိတယ္ " လို႔ လိုက္ေအာ္တယ္။ ေအာ္႐ုံနဲ႔ မၿပီးေသးဘူး ၊ လိုင္းထဲမွာ ေမြးထားတဲ့ ဝက္ကို သြားေျပာတယ္။

" ကိုဝက္ႀကီးေရ လိုင္းထဲမွာ ေထာင္ေခ်ာက္ ရွိတယ္ "

" အဲဒီ ေထာင္ေခ်ာက္က မင္းအတြက္... ငါ့အတြက္ မဟုတ္ဘူး "

ဒါနဲ႔ ၾကြက္က ႏြားဆီ သြားျပန္တယ္ ။

" ကိုႏြားႀကီး လိုင္းထဲမွာ ေထာင္ေခ်ာက္ ရွိတယ္ဗ် "

" အဲဒါ မင္းတို႔ ႂကြက္ေတြ အတြက္... ငါတို႔ႏြားေတြနဲ႔ ဘာဆိုင္သလဲ "

ႂကြက္က စိတ္ပ်က္သြားတယ္ ။ သူက လိုင္းထဲမွာ ေလွ်ာက္ေအာ္တယ္ ။

" လိုင္းထဲမွာ ေထာင္ေခ်ာက္ရွိတယ္... လိုင္းထဲမွာ ေထာင္ေခ်ာက္ရွိတယ္ "

ေနာက္ဆုံး ေဒၚၾကက္မ ဆီ သြားျပန္တယ္ ။

" အေဒၚ လိုင္းထဲမွာ ေထာင္ေျခာက္ရွိတယ္ "

" ဟဲ့ ငါနဲ႔ ဘာဆိုင္သလဲ "

ဘယ္သူမွလည္း ႂကြက္ေလးရဲ႕ စကားကို နားမေထာင္ၾက ပါဘူး ။ ဘာေၾကာင့္လဲ ဆိုေတာ့ ႂကြက္ေထာင္ေခ်ာက္ ဆိုတာ ႂကြက္အတြက္ပဲေလ ။ ႏြားေတြ၊ ေခြးေတြ၊ ဝက္ေတြ၊ ၾကက္ေတြ အတြက္မွ မဟုတ္တာ ။ သတိထားေနတဲ့ ႂကြက္က ေထာင္ေခ်ာက္နားကို မကပ္ပါဘူး ။ ဒါေပမဲ့ တစ္ညေတာ့ ၾကြက္ေထာင္ေခ်ာက္ကေန..

" ေခ်ာက္ " ဆိုတဲ့ အသံ ၾကားလိုက္ရတယ္ ။ စခန္းမႉးကေတာ္ ကလည္း ဝမ္းသာအားရ...

" ေသခ်င္းဆိုးႂကြက္ ခုေတာ့ ဘာတတ္ႏိုင္ေသးလဲ " ဆိုၿပီး ဝမ္းသာအားရ လက္ႏွိပ္မီးနဲ႔ ဗီ႐ိုေအာက္ကို ထိုးၾကည့္ တယ္။

ေထာင္ေခ်ာက္မွာ မိေနတာက ႂကြက္ မဟုတ္ပဲ ေႁမြျဖစ္ေနတယ္ ။ အၿမီးကို ေထာင္ေခ်ာက္မွာ မိေနတာဆိုေတာ့ ေဒါသ ထြက္ေနတဲ့ ေႁမြဟာ ဗီ႐ိုေအာက္ကို ငုံ႔ၾကည့္တဲ့ မိန္းမရဲ႕ မ်က္ႏွာကို ကိုက္လိုက္တယ္။

ေျမြကိုက္ခံရတဲ့ မိန္းမကို ေဆး႐ုံ ပို႔ၾကတာေပါ့။ ေဆး႐ုံမွာ အျပင္းအထန္ ေဝဒနာ ခံစားေနရတဲ့ မိန္းမကို စားပါေစ ဆိုၿပီး လိုင္းထဲက ၾကက္ကိုသတ္၊ စြပ္ျပဳတ္ေလး လုပ္ၿပီး သြားပို႔ၾကတယ္ ။

ဒါေပမယ့္ ေႁမြဆိပ္က ျပင္းေတာ့ မိန္းမလည္း ေသတယ္။ မိန္းမေသေတာ့ ရက္လည္ မတိုင္ခင္ ဝိုင္းလုပ္ ဝိုင္းစားနဲ႔ ႐ြာကလာတဲ့ အမ်ိဳးေတြ ေကြၽးဖို႔ ဆိုၿပီး ဝက္ကို ေပၚရတယ္။ ရက္လည္ေန႔ မွာလည္း တစ္႐ြာလုံးနဲ႔ တပ္ဖြဲ႕ဝင္ေတြအားလုံးကို ေကြၽးဖို႔ ဆိုၿပီး ႏြားေပၚရျပန္တယ္ ။

ႂကြက္ကေတာ့ ေအာ္ပါတယ္ ။

" လိုင္းထဲမွာ ေထာင္ေခ်ာက္ရွိတယ္... လိုင္းထဲမွာ ေထာင္ေခ်ာက္ ရွိတယ္ "

ႂကြက္ေထာင္ေခ်ာက္ဟာ ႂကြက္အတြက္ေလာက္ပဲ ထင္ေနၾကေတာ့ အားလုံး ေသၾကေတာ့ တာေပါ့ ။

( ၾကားဖူးတဲ့ ပုံျပင္ေလးတစ္ပုဒ္ကို ျပန္လည္ေရးၾကည့္တာပါ )

တင္ၫြန႔္

Post a Comment

0 Comments