အသက် ၂၄ နှစ် မရောက်မချင်း လူကြီးဟု မခေါ်ဆိုနိုင်သေးကြောင်း လေ့လာချက်တွင် ဖော်ပြထား

ငယ်ငယ်တုန်းက လူကြီးတွေကို အားကျပြီး လူကြီးတစ်ယောက် အရမ်းဖြစ်ချင်ကြပါတယ်။ အသက် ၁၈ နှစ် ပြည့်ပြီဆိုတာနဲ့ လူကြီးတစ်ယောက်ဖြစ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ခံစားလာရပါတယ်။ အမေရိကန်နိုင်ငံမှာက ၁၀ နှစ်နဲ့ ၁၉ နှစ်ကြားက ကလေးတွေကို ဆယ်ကျော်သက်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် လေ့လာချက်အသစ်တစ်ခုအရ အသက် ၂၄ နှစ်အထိ လူလားမမြောက် အရွယ်မရောက်သေး ပါဘူးတဲ့။

လူပျိုဖော်၊ အပျိုဖော်ဝင်လာတဲ့ အချိန်ဆိုရင် အရွယ်ရောက်ပြီလို့ ပြောကြပါတယ်။ အဲဒီအရွယ်မှာ ခန္ဓါကိုယ်က ဟော်မုန်းတွေလည်း ပြောင်းလဲလာပါပြီ။ အံ့သြစရာကောင်းတာကာတော့ လူလားမြောက်ခြင်းနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေက အမျိုးမျိုး ကွဲပြားနေကြတာပါ ။

တချို့တွေက အသက် ၂၀ ရောက်မှသာလျှင် အရွယ်ရောက်တယ်လို့ ဆိုကြပါတယ် ။ အသက် ၂၀ ပတ်ဝန်းကျင် ဆိုရင် အံဆုံးသွား ပေါက်လာပါတယ်။ ဦးနှောက်ကလည်း အတော်ကိုဖွံ့ဖြိုးလာပါပြီ ။ အဲဒါကြောင့် တချို့က အသက် ၂၀ ဆိုရင် အရွယ်ရောက်ပြီလို့ ပြောကြပါတယ်။

အသက် ၂၄ နှစ်နဲ့ အောက်အရွယ်တွေကိုလည်း လူလားမြောက်ခါစ အရွယ်တွေ ဆိုပြီး သတ်မှတ်နိုင်သေးတယ်လို့ အဲဒီလေ့လာချက်မှာ ဆိုထားပါသေးတယ်။ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်တွေတုန်းက ပျမ်းမျှအားဖြင့် အသက် ၂၁ နှစ်ဆိုရင် လက်ထပ်ကြပြီး ၂၀၁၅ ခုနှစ်အထက်မှာတော့ အသက် ၂၈ မှာ လက်ထပ်တာ များလာကြောင်း ဖော်ပြထားပါတယ် ။

ယနေ့ခေတ်မှာ ပညာရေးက အလွန်အရေးပါ လာပြီးတော့ အလုပ်ရဖို့အတွက် အချိန်တွေ ပိုယူလာရပါတယ်။ အဲဒါကြောင့် တချို့ အရွယ်ရောက်ပြီးသူတွေက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ခက်ခဲလာပါတယ်။ ပညာရေးအတွက် မိဘတွေရဲ့ အထောက်အပံ့ကို ယူရသေးတာကြောင့် အသက် ၂၄ နှစ်အထိကို လုံးဝ အရွယ်ရောက်ပြီလို့ မဆိုနိုင်သေးတာပါ။

အရွယ်ရောက်ပြီလို့ သတ်မှတ်ဖို့အတွက် ခန္ဓါကိုယ်တိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ ကြည့်ရမယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါသေးတယ် ။ တချို့လူငယ်လေးတွေက ကိုယ့်ကိုယ်ကိုယ် အရွယ်ရောက်ပြီလို့ သတ်မှတ်ကြပေမယ့် အသက်ကြီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်တွဲလုပ်တဲ့အခါ အလုပ်ရဲ့ဖိအားကို ခံနိုင်ရည် နည်းသေးတာကို တွေ့ရကြောင်းလည်း ဆိုထားပါသေးတယ်။

ဘာ့ကြောင့်လဲ ဆိုတော့ အသက်အရွယ်အရ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးလို့ပါ။ အဲဒါကြောင့် ခန္ဓါကိုယ်အရ အရွယ်ရောက်တယ်လို့ ဆိုနိုင်ပေမယ့် အသက် ၂၄ နှစ် အထိ လူကြီး မဖြစ်သေးဘူးလို့ လေ့လာချက်မှာ ဖော်ပြထားခြင်းဖြစ်ပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments