၂၂ နှစ်လုံး အိမ်ငှားခ ပေးစရာမလိုတဲ့ သဲရဲတိုက်ဘုရင်

ဘရားဇီးနိုင်ငံသား Marcio Mizael Matolias က 22 နှစ်လုံး အိမ်ငှားခတွေ ပေးစရာ မလိုခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ သူက Rio de Janeiro မြို့ရဲ့ နာမည်ကြီးလှတဲ့ Barra do Tijuca ကမ်းခြေမှာ နေလို့ပါပဲ။ Matolias က ကမ်းခြေက သူကိုယ်တိုင် ဆောက်ထားတဲ့ သဲရဲတိုက်မှာ နေပါတယ်။

အသက် 44 နှစ်အရွယ် Matolias ကို King Marcio လို့ သိကြပါတယ်။ သူဟာ Barra da Tijuca ကမ်းခြေပေါ်မှာရှိတဲ့ သဲရဲတိုက်တစ်လုံးပေါ်မှာ နေလာတာ ဆယ်စုနှစ် နှစ်စုကြာခဲ့ပါပြီ။ King Marcio ဆိုတဲ့ နာမည်အတိုင်းပဲ Matolias က သူ့ရဲတိုက်အပြင်ဘက်မှာ ပလ္လင်ကို တည်ဆောက်ထားပါတယ်။ ပလက်စတစ် သရဖူဆောင်းထားပြီး ကျိုင်းတစ်ခုကို သယ်သွားတတ်တဲ့သူကို အမြဲမြင်တွေ့နိုင်ပါတယ်။

အလှဆင်ထားတဲ့ သဲရဲတိုက်တွေက Rio de Janerio မြို့ရဲ့ ကမ်းခြေအတော်များများမှာ ရှိပါတယ်။ အဲဒီသဲရဲတိုက်တွေကို ဒေသခံတွေက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ ပြုလုပ်ထားတာပါ။ သဲရဲတိုက်တွေကို ခရီးသွားဧည့်သည်တွေက ဓာတ်ပုံရိုက်ရင် ဒေသခံတွေက ငွေအကြွေတွေရပါတယ်။ ဒါပေမယ့် Matolias က သဲရဲတိုက်ကို အိမ်အဖြစ် ဆောက်လုပ်တဲ့ ပထမဆုံးလူ ဖြစ်ပါတယ်။ Rio မြို့ရဲ့ အိမ်ရာဈေးတွေ မြင့်တက်သွားစေလောက်အောင် သူ့ရဲ့ကြိုးပမ်းအားထုတ်မှုက ထင်ဟပ်သွားပါတယ်။

"ကျွန်တော် Guanabara ပင်လယ်အော်မှာပဲ ကြီးပြင်းလာခဲ့တယ်။ ဒီကမ်းခြေမှာပဲ အမြဲနေတယ်။ လူတွေက ပင်လယ်ရဲ့အနားမှာ နေနိုင်ဖို့ ငှားရမ်းခတွေ မတန်တဆပေးကြတယ်။ ကျွန်တော့်မှာ ပေးစရာငွေမရှိဘူး။ ဒီမှာတော့ ကျွန်တော့်ဘဝက နေပျော်တယ်" လို့ ဒီလိုနေထိုင်ဖို့ ရွေးချယ်တာနဲ့ ပတ်သက်ပြီး Matolias က အင်္ဂလန်နိုင်ငံရဲ့ The Mirror သတင်းစာကို ပြောပါတယ်။

သဲရဲတိုက်ရဲ့ တံတိုင်းတွေနဲ့ ပြအိုးတွေကို ထိန်းသိမ်းဖို့အတွက် Matolias က ရဲတိုက်ရဲ့ ဘေးဘက်တွေကို ပုံမှန်ရေဖြန်းပေးဖို့ လိုပါတယ်။ မြို့ရဲ့တစ်နှစ်ပတ်လုံး အပူပိုင်းရာသီဥတုက သဲတွေကို တစ်စစီဖြစ်အောင် လုပ်နိုင်လို့ စောင့်ရှောက်ရပါတယ်။ စိတ်ရှည်သည်းခံဖို့လည်း လိုပါသေးတယ်။

အပူပိုင်း မုန်တိုင်းတစ်ခုက သဲရဲတိုက်ကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးနိုင်ပါတယ်။ အဲဒီလို မုန်တိုင်းဝင်ရင်တော့ အစကနေပြန်ပြီး တည်ဆောက်ရပါတော့တယ်။ 22 နှစ်လုံး လုပ်ကိုင်လာခဲ့ရာမှာတော့ Matolias ဟာ သဲရဲတိုက်ကို အနေအထားလိုက်ပြီး မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြန်လည်တည်ဆောက်တတ်သူ ဖြစ်လာပါတယ်။

သူ့ရဲ့ ရဲတိုက်က ဒေသတွင်းမှာရှိတဲ့ ဈေးဝယ်စင်တာရဲ့ အာရုံစိုက်မှုကို ခံရပါတယ်။ ဈေးဝယ်စင်တာမှာ သဲအနုပညာတွေ ပြသနိုင်ဖို့အတွက် တစ်ခါတရံ သူ့ကိုလာရောက်ငှားရမ်းကြပါတယ်။ ဒီလို သဲရဲတိုက်ကို ဆောက်နိုင်ဖို့အတွက် သူငယ်ချင်း တစ်ယောက်ဆီကလည်း လေ့လာတယ်၊ စာအုပ်တွေထဲကလည်း လေ့လာတယ်လို့ Matolias က ပြောပါတယ်။

အဓိကကတော့ သူ့ရဲ့စိတ်အားထက်သန်မှုက ဒီလိုဆောက်ဖြစ်စေတာပါ။ Matolias က ဂေါက်ရိုက်တာနဲ့ ငါးဖမ်းတာကိုလည်း ဝါသနာပါပါသေးတယ်။ စာအုပ်တွေ၊ ဂေါက်ရိုက်တံတွေ၊ ငါးမျှားတံတွေကိုလည်း စုဆောင်းထားပါတယ်။ သဲရဲတိုက်ကြီးက ကြီးကျယ်ခမ်းနားစွာ ပေါ်ပေါက်လာတဲ့အချိန်မှာ ရဲတိုက်မျက်နှာစာက အထဲမှာရှိတဲ့ အခန်းသေးသေးလေးတွေကို ဖုံးနေပါတယ်။

32 စတုရန်းမီတာ ကျယ်ဝန်းတဲ့ Matolias ရဲ့ အိပ်ခန်းက ကြမ်းပြင်ကနေ မျက်နှာကြက်အထိ စာအုပ်တွေနဲ့ ပုံနေပါတယ်။ အိပ်ခန်းကို သစ်သားရက်မတွေနဲ့ ထောက်ထားပါတယ်။ ရေချိုးခန်းက ကမ်းခြေကယ်ဆယ်ရေးတဲအနီးမှာ ရှိပါတယ်။ အဲဒီနေရာမှာ သူရေချိုးပါတယ်။ Matolias က နိုင်ငံတွင်းမှာ ထင်ရှားကျော်ကြားလာပြီး အများရဲ့ အာရုံစိုက်မှုကိုလည်း ခံလာရပါတယ်။

စူးစမ်းတတ်တဲ့ ခရီးသွားတွေကတော့ King Marcio နဲ့ သူ့ရဲ့ထူးခြားတဲ့ အိမ်လေးကို ဓာတ်ပုံရိုက်ဖို့ လာကြပါတယ်။ Matolias က ခရီးသွားတွေကို သူ့ပလ္လင်ပေါ်မှာထိုင်ဖို့ ခွင့်ပြုပါတယ်။ ဒါမှမဟုတ် Matolias က ထိုင်ခုံပေါ်မှာ ပျော်ပျော်ကြီးထိုင်ပြီး ဓာတ်ပုံ အရိုက်ခံပါတယ်။ တစ်ခါတရံမှာ ခရီးသွားတွေက သူ့အတွက် ပိုက်ဆံပေးကြပါတယ် (အမြဲတော့ မဟုတ်ပါဘူး)။ အဲဒါကတော့ သူ့ရဲ့ဝင်ငွေပါပဲ။

သူချစ်ရတဲ့ စာအုပ်တွေကလည်း ဝင်ငွေရဖို့ ကူညီပါသေးတယ်။ ရဲတိုက်ဘေးက စားပွဲတစ်လုံးပေါ်မှာ စာအုပ်တွေ ပုံထားပါတယ်။ အဲဒီစားပွဲပေါ်မှာ ဖြတ်သွားဖြတ်လာတွေက စာအုပ်တွေ ဝယ်လို့လည်း ရပါတယ်။ ရောင်းလို့လည်း ရပါတယ်။ သင့်တော်တဲ့ဈေးတော့ ပေးသွားတတ် ကြပါတယ်။ စာအုပ်တွေရဲ့ အပေါ်နားမှာ " စာအုပ်တစ်အုပ်ကို ယူပြီး ငွေထည့်သွားပါ။ အဲဒီအခါ ပင်ကိုအရည်အချင်းတွေက အဆုံးမသတ်တော့ပါဘူး" လို့ ရေးထားပါတယ်။

သဲရဲတိုက်ရဲ့ မကောင်းတဲ့ အချက်ကတော့ သဲက အပူကို ထိန်းထားခြင်းပါပဲ။ နွေရာသီမှာ Rio မြို့ရဲ့အပူချိန်က 40'C (104'F) အထိ တစ်ဟုန်ထိုး မြင့်တက်ပါတယ်။ အဲဒါကြောင့် Matolias က အိပ်လို့ မရဘူးလို့ပြောပါတယ်။

ရာသီဥတုပူတဲ့ ရက်တွေမှာဆိုရင် (ပင်လယ်ဘေးမှာ နေရတာ ပိုကြိုက်ပေမယ့်) Matolias က သူငယ်ချင်းတစ်ယောက်နဲ့ အတူသွားနေပါတယ်။ သဲသောင်ပြင်ပေါ်က သူ့ရဲ့နန်းတော်ကိုတော့ ထားပစ်ခဲ့ဖို့ ဘယ်အချိန်မှာမှ စိတ်ကူးမရှိပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments