ကံကောင်းစေသော လက်ဖဝါးပြင်မှ ကံကောင်းခြင်း ဗွေအမှတ်အသား (၆) ခုအကြောင်း

သင့်လက္ခဏာကို စစ်ဆေးတဲ့အခါ လက်ဖဝါးပြင်ရှိ လမ်းကြောင်းများ၊ ဂြိုဟ်ခုံများနှင့် လက်ပုံစံများကိုသာ စစ်ဆေးရခြင်း မဟုတ်ပါဘူး၊ အသေးစိတ်သော အကြောင်းအရာများအတွက် လက္ခဏာရှင်၏ လက်ဗွေများကိုလည်း အသေအချာ သုံးသပ်ရပါတယ်။ အလွန်အရေးကြီးတယ်လို့ ပြောရမှပါ။ လက်ချောင်းများရဲ့ထိပ်မှာပါရှိတဲ့ လက်ဗွေများနှင့် ပါတ်သက်လာရင်တော့ အလွန်လေးနက်လှပြီး ပါရဂူအဆင့်အထိ ဘာသာရပ်တစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

အခုတင်ပြလိုတာကတော့ လက်ဖဝါးပြင်မှာရှိတဲ့ ဗွေအကြောင်းဖြစ်ပါတယ်။ ဒီလက်ဖဝါးမှာရှိတဲ့ ဗွေတွေမှာ ကံကောင်းခြင်းကိုပေးတဲ့ ဗွေတွေ ရှိသလို၊ ကံဆိုးခြင်းကိုပေးသော ဗွေများလည်းရှိရာ ယခုကျတော် တင်ပြမှာကတော့ ကံကောင်းခြင်းကို ပေးသော ဗွေများအကြောင်းကို တင်ပြလိုပါတယ်။ အလွန်အရေးပါတာ ဖြစ်လို့ လက္ခဏာရှင်တိုင်းအတွက် အထူးကြည့်ရမည့် အမှတ်အသားဟု ဆိုရမှာပါ။ ကံကောင်းစေတဲ့ ဗွေအမှတ်အသားများစွာ ရှိတဲ့အထဲက ထင်ရှားတဲ့ ဗွေအမှတ်အသား အချို့ကို တင်ပြလိုပါတယ်။

ရဲစွမ်းသတ္တိနှင့် ဆိုင်သောဗွေ ( Loop Of Courage)

ဒီဗွေကိုတော့ လက်မနဲ့ လက်ညိုးကြားမှာ တည်ရှိတဲ့ အင်္ဂါဂြိုဟ်ခုံအတွင်းမှာ တွေ့ရတတ်တဲ့ ဗွေဖြစ်တယ်။ ဒီဗွေကို တွေ့ရင်တော့ လက္ခဏာရှင်ဟာ အလွန်သတ္တိရှိတဲ့သူ တစ်ယောက်ဖြစ်မယ်လို့ ပြောလို့ရပါတယ်။ ဒီနေရာမှာ ပြောစာရာတစ်ခုတော့ ရှိပါတယ်။ ကောင်းသော သတ္တိရှိခြင်းလား၊ အကျိုးပြုမယ့် သတ္တိရှိခြင်းလည်း၊ မိုက်ရူးရဲ လုပ်တတ်တာလား ဆိုတာတွေကိုတော့ သေချာလေ့လာ ရပါလိမ့်မယ်။ ဒီလိုလေ့လာဖို့အတွက် ပါရှိတဲ့ဗွေဟာ ခရုပါတ်ဗွေ ဖြစ်သလား၊ ပေါင်းကူးဗွေလား၊ ဗွေအရစ်တွေနဲ့ ဗွေရဲ့ဗဟိုချက်က ဂြိုဟ်ခုံရဲ့ ဘယ်နေရာမှာ ဘယ်လိုတည်ရှိတယ် ဆိုတာတွေကို အသေးစိတ်လေ့လာရမှာ ဖြစ်ပါတယ်။

မည်သို့ဆိုစေကာမူ ထိုနေရာမှာ ဗွေအမှတ်အသား ပါရှိခဲ့မယ်ဆိုရင်တော့ ရဲစွမ်းသတ္တိရှိသူတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် ခရုပါတ်ဗွေ ပါရှိသူတွေဟာ သူရဘွဲ့၊ သူရဲကောင်းဘွဲ့တွေ ရရှိတတ်သလို သူကောင်းပြုခံရတဲ့ သမာသမတ်ရှိတဲ့ စစ်သည်တော်ကောင်းတွေနဲ့ တိုက်ခိုက်ရေ းစွမ်းရည်ပြည့် တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။

ဂီတ အနုပညာနှင့် ဆိုင်သောဗွေ (Loop of Music and Art)

ဒီဗွေကိုတော့ လက်မရဲ့အောက်ဘက် အသက်လမ်းကြောင်း အတွင်းဘက်မှာရှိတဲ့ သောကြာဂြိုဟ်ခုံမှာ တွေ့ နိုင်ပါတယ်။ ဒီဗွေပါရှိတဲ့သူကတော့ အနုပညာဂီတနှင့်ဆိုင်သော အမှတ်အသားတစ်ခု ဖြစ်လာပါတယ်။ ခံစားတာ ၊ကိုယ်တိုင်တီးခတ်တာ၊ ဖန်တီးတာတွေနဲ့ ကျော်ကြားတတ်ပါတယ်။ ဂီတ တစ်မျိုးတည်းနဲ့ဆိုင်တဲ့အမှတ်အသား မဟုတ်ပါဘူး၊ အဆို၊ အက၊ အတီး၊ တွေနဲ့လည်း ဆိုင်သလို သရုပ်ဆောင်ခြင်း ၊သီချင်းရေးသာခြင်း၊ ကဗျာစပ်ဆိုခြင်းတွေနဲ့လည်း ဆိုင်ပါတယ်။

အနုပညာကို အခြေခံတဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေ၊ အနုပညာနဲ့ ဆိုင်တဲ့ တူရိယာပစ္စည်းတွေပြုလုပ်တာ၊ ဖန်တီးတာတွေမှာလည်း ထူးချွန်မယ် ဆိုတဲ့ အမှတ်အသား ဖြစ်ပါတယ်။ ပါရှိတဲ့ ဗွေအမျိုးအစားကို လိုက်ပြီး ဘယ်လို အနုပညာလုပ်ငန်းနဲ့ အောင်မြင်မယ်၊ ကျော်ကြားမယ်၊ ဘယ်လောက်အထိ ကျော်ကြားမယ်ဆိုတာတွေကို ပြောနိုင်ပါတယ်။ ဒါကြောင့် ဂီတနှင့်ဆိုင်သော အမှတ်အသား ဆိုသော်လည်း အနုပညာတစ်ခုလုံးနှင့် ဆိုင်တဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။

တနင်္လာဂြိုခုံမှ ‘ S ’ ပုံစံဗွေ ( S Shape pattern in mount of moon)

ဒီဗွေကိုတော့ တနင်္လာဂြိုခုံရဲ့ အောက်ဘက်ပိုင်းနားမှာ တွေ့ရတတ်ပါတယ်။ ဗွေခေါင်းနှစ်ခု ချိတ်ဆက်နေလို့ အင်္ဂလိပ်အက္ခရာ “ S” ပုံစံဖြစ်ပေါ်နေ တတ်ပါတယ်။ ဒီဗွေအမှတ်အသား ပါရှိတဲ့သူကတော့ အာဏာ နှင့် ချမ်းသာခြင်းကို အလွန်မြတ်နိုး လိုလားသူဖြစ်တယ်လို့ ပြောလို့ရသလို ရလည်းရတတ်ပါတယ်။ ဒါကိုအကောင်းဆုံး အသုံးချတတ်ဖို့ လိုပါတယ်။

လက္ခဏာရှင်ဟာ စိတ်လှုပ်ရှားတာ အရမ်းများပြီး ဆုံးဖြတ်ချက်တွေ မှားတတ်သူဖြစ်တယ် ဆိုတာကိုတော့ သတိပြုရပါတယ်။ ရေနဲ့ပါတ်သက်တဲ့ လုပ်ငန်းတွေ၊ စိတ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ အောင်မြင်ထူးချွန်မယ့်သူတွေလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။

တနင်္လာဂြိုခုံမှ ခရုပါတ်ဗွေ ( whorl pattern in mount of moon)

တနင်္လာဂြိုဟ်ခုံမှာပါရှိတဲ့ ခရုပါတ်ဗွေဖြစ်တယ်။ အလွန်ကောင်းတဲ့ဗွေဖြစ်ပြီး သူဌေးကြီးဖြစ်မယ့် ပတ္တမြားဗွေ ဟုလည်း လူသိများပါတယ်။ ဒီဗွေပါရှိတဲ့သူတွေဟာ မြင်မားတဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ရှိကြတယ်၊ ရရှိအောင်လည်း အထူးကြိုးစားကြလို့ ချမ်းသာခြင်းတွေ ရရှိတတ်ပါတယ်။ ဒီဗွေပါရှိလို့ ချမ်းသာခြင်းတွေရရှိပေမယ့် သူဟာ စိတ်ဖိစီးမှု့တွေ အများကြီးဖြစ်ရပြီး မိမိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ဝေးကွာနေတတ်ပါတယ်။

ချမ်းသာပြည့်စုံတဲ့ ဥစ္စာတွေရှိပေမယ့် သူံအပေါ် ပကာသနမပါတဲ့ မိတ်ရင်းဆွေရင်းတွေ မရှိတဲ့အတွက် လူအများနဲ့နေရ၊ အလုပ်တွေ အများကြီးလုပ်နေပြီး၊ ဦးဆောင်နေရတဲ့သူ ဖြစ်ပေမယ့် အထီးကျန်ခြင်းကိုလည်း ရရှိနေသူ ဖြစ်တတ်ပါတယ်တဲ့။ တစ်ကယ်လို့ ခရုပါတ်ဗွေ မဟုတ်ဘဲ အခြားသော ပုံစံရှိတဲ့ဗွေတွေ ပါရှိတဲ့အခါ ခရုပါတ်ဗွေဟောအတိုင်း လုံးဝဟောလို့ မရပါဘူး။ ပေါင်းကူးဗွေ ပါရှိတဲ့သူတွေဟာ ငွေလက်နဲ့မပြတ်သူတွေ ၊ငွေရှာရလွယ်ကူသူတွေဖြစ်ပြီး အထီးမကျန်ပါဘူး။ ဒီလိုဘဲ အခြားပုံစံတွေနဲ့ ဗွေတွေဟာ တနင်္လာဂြိုဟ်ခုံမှာပါရှိတဲ့အခါ သေချာလေ့လာပြီးမှ ဟောရပါလိမ့်မယ်။

ကုန်သွယ်ရေးနှင့် စကားပြောကောင်းသူ (Loop of good discussion and trade)

ဒီဗွေကိုတော့ ဗုဒ္ဓဟူးဂြိုဟ်ခုံနှင့် တနင်္ဂနွေဂြိုဟ်ခုံကြားမှာ တွေ့ရတတ်ပါတယ်။ မဟာရာဂျာ အမှတ်အသား၊ မင်္ဂလာ ချန်ရံအမှတ် အသားများအဖြစ်လည်း ဖော်ပြတတ်ကြပါတယ်။ ဒီဗွေကိုတွေ့ရတဲ့အခါ ဟာသညဏ်ကြီးသူ၊ စကားပြောကောင်းသူဖြစ်ပြီး ၊အကျိုးဆောင်လုပ်ငန်း၊ ရှေ့နေလုပ်ငန်း၊ တရားစောဆရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ ကုန်သွယ်ရေးမှာ ထူးချွန်တဲ့သူတွေဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဦးဆောင်သူ ဖြစ်ပါတယ်။

ဒီအမှတ်အသား ပါရှိတဲ့သူတွေဟာ အတွက်အချက်ကောင်းပြီး ဇွဲရှိသူတွေဖြစ်လို့ ဘဝမှာ အထူးအောင်မြင်ကြတာ ဖြစ်တယ်။ စကားပြောကောင်းခြင်းကလည်း ဘဝတိုးတက်ရေးအတွက် အထောက်ကူကောင်းတစ်ခု ဖြစ်လို့နေတာ ဖြစ်တယ်။ ဒီနေရာမှာလည်း ခရုပါတ်ဗွေ အမျိုးအစားနဲ့ ပေါင်းကူးဗွေစသည့် ဗွေအမျိုးအစားတွေပေါ် မူတည်ပြီး အဟောတွေ ကွဲပြားတတ်သလို လက်ပုံစံနဲ့ ပါတ်သက်နေတဲ့ ဂြိုဟ်ခုံတွေနဲ့လည်း သက်ဆိုင်လို့နေတတ်ပါတယ်။

ဂုဏ်သိက္ခာ နှင့် တည်ကြည်ခြင်းဗွေအမှတ်အသား (loop of seriousness)

ဒီဗွေကိုတော့ စနေဂြိုဟ်ခုံနှင့် တနင်္ဂနွေဂြိုဟ်ခုံကြားမှာ တွေ့ရတတ်တဲ့ဗွေ ဖြစ်တယ်။ ဒီဗွေကလည်း မင်္ဂလာအမှတ် အသားတစ်ခုဖြစ်ပါတယ်။ ဒီဗွေပါတဲ့အခါ ဂုဏ်သိက္ခာရှိတဲ့သူ ဖြစ်တယ်လို့ အကြမ်းအားဖြင့် ပြောနိုင်ပါတယ်။ သူ့ရဲ့သိက္ခာကို အလွန်တန်ဖိုးထားတတ်သူ ဖြစ်တယ်။ လူအများ အထူးသဖြင့် နွမ်းပါးသူတွေကို ကူညီတတ်သူလည်းဖြစ်တယ်။

သူဟာ ချိုးချန်ခြင်းအကျင့်ကို ကျင့်တတ်သလို သိခံနိုင်ခြင်း၊ သီလစောင့်ထိန်းနိုင်ခြင်းတွေကို ဖော်ပြပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ဆိုင်တဲ့ တရားကျင့်တဲ့ဘက်မှာ ထူးခြားမယ့် အမှတ်အသားတစ်ခုလို့ ပြောနိုင်တယ်။ ဒီဗွေပါတဲ့သူဟာ ချမ်းသာကြီးတတ်ပါတယ်။ သူဆီမှာ ဇိမ်ခံလို့ရတဲ့ အရာတွေများစွာလည် းရှိတတ်ပါတယ်၊ သို့သော်လည်း ဒီအရာတွေအပေါ် မခံစားလိုဘဲ ရှိတတ်တဲ့သူဖြစ်တယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။

အခြားသော ဂြိုဟ်ခုံပေါ်မှ ဗွေအမှတ်အသားတွေနဲ့ ကြာသာပတေးဂြိုဟ်ခုံနဲ့ စနေဂြိုခုံကြားက မဟာရာဂျ အမှတ်အသားဖြစ်တဲ့ ဗွေအမျိုးအစားတွေရဲ့ အကြောင်းတွေကိုလည်း နောက်များအလင်းသင့်တဲ့အချိန် တင်ပြပါ့မယ်။ လက္ခဏာပညာဟာ နက်ပါတယ်၊ တိတိကျကျ ဟောပြောနိုင်ဖို့အတွက် လက္ခဏာသုတေသီဟာ အလွန်ဘဲ လေ့လာရပါ တယ်။ လမ်းကြောင်းတွေကိုဘဲ ကြည့်နေလို့မရပါဘူး တိကျဖို့အတွက် အများကြီး ကြည့်ရပါတယ်၊ ပေါင်းစပ်သုံးသပ်ရ ပါတယ်။ ဒီလိုသုံးသပ်တဲ့အခါ ဒီဗွေတွေဟာလည်း အလွန်အရေးကြီးတဲ့ နေရာကပါရှိပါကြောင်း တင်ပြရပါတယ်။

ကင်္ကသူ

Post a Comment

0 Comments