သင် အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်အကြောင်း

အသက် 15 နှစ်

မိဘရဲ့ ရင်ခွင်ထဲက အပျံ သင်ကာစပဲ ရှိသေးတယ် ။ ဘဝအတွက် လိုအပ်တဲ့ အတတ်ပညာ ၊ အသိပညာ ၊ ဘဝပညာတွေကို စသင်နေရတဲ့ ပညာရှာချိန်ပါ ။ တချို့က ကံတရားကြောင့်လား ဆင်ခြင်တုံတရား နုသေးလို့လား မသိဘူးတော့ အိမ်ထောင် ကျနေတတ် ကြတယ် ။ ဗူးသီးနုနု မရင့်ခင် အမွေးသပ်လိုက်သလို ကြီးထွားလာဖို့ ဆိုတာထက် အသီးမပုပ်အောင် အားတင်း ရှင်သန်နေ ရတတ်တယ် ။

မရင့်ကျက်ခင် လောကကြီးအကြောင်းကို မသိခင် မလေ့ကျင့်ရ သေးတဲ့ စစ်သားကို စစ်မြေပြင် လွှတ်လိုက်ရသလို ဘယ်က စပစ်ရမှန်း မသိတဲ့ အချိန်ကာလ တခုပါ ။ အသက် ၁၅ နှစ် ဆိုတာ အိမ်ထောင်ပြုဖို့ အဆင်သင့် မဖြစ်သေးတဲ့ အရွယ်တခုလို့ ပြောလို့ရတယ်။

အသက် 18 နှစ် မှ 20 နှစ်ထိ

အရွယ်ရောက်ပြီလို့ ပြောလို့တော့ ရပီ ။ သက်တမ်းက အရွယ်ရောက်လာတာ မှန်ပေမယ့် လူတော်တော် များများရဲ့ အသိကတော့ အရွယ် မရောက်သေး ပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျောင်းပညာ မပြီးဆုံးသေးတဲ့ အချိန်ကာလ တခုဖြစ်သလို ပိုက်ဆံကို ကိုယ်တိုင် လူတိုင်း မရှာကြသေး ပါဘူး ။ မိဘအရိပ် အောက်နေပီး တချို့ဆို ကလေး လုပ်နေကြတုန်း အရွယ်ပါ။

အသက် 21 နှစ်မှ 25 နှစ်ထိ

တချို့ဆို ကျောင်းပညာတွေ ပြီးဆုံးပြီး လုပ်ငန်းခွင်ထဲ ရောက်နေချိန်ပါ ။ ဘဝအတွေ့အကြုံ ၊ နှလုံသား အတွေ့အကြုံ ရသင့်သလောက် ရလာပြီး အမှားအမှန်ကို ခွဲခြားလာ နိုင်ချိန်ပါ ။ ရင့်ကျက်လာခြင်းရဲ့ ပထမအရွယ် လို့ ဆိုလို့ရပြီး မိဘကျေးဇူး ၊ မိဘတန်ဖိုး ၊ငွေကြေးတန်ဖိုး ၊ အလုပ်တန်ဖိုး ၊ အချိန်တန်ဖိုး တို့ကို နားလည် လက်ခံလာကာ မိဘကျေးဇူး ဆပ်နေချိန် လို့ ပြောလို့ရတယ်။

အိမ်ထောင်ပြုမယ် ဆိုရင်လည်း အရမ်းကြီး မပင်ပန်းတော့ဘဲ ဘဝအတွက် plan ချတတ်လာပီး ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထုဆစ်လာနိုင်တဲ့ အတောင်အလက် စုံချိန်လို့ ပြောလို့ ရပါတယ် ။ မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ့် ပုခက်လွှဲသော လက်ပိုင်ရှင်တွေ အတွက် အကောင်းဆုံးအရွယ် ဖြစ်သော်လည်း အိမ်ထောင်ဦးစီး တချို့ကတော့ မိသားစု အတွက် အဆင်သင့် မဖြစ်သေးတဲ့အချိန် ဖြစ်နေတတ်တယ် ။ ယောကျ်ားသားများအတွက် ကြားကာလတခုလို့ ပြောလို့ရပါတယ် ။

အသက် 26 နှစ် မှ 30 နှစ် အရွယ်ထိ

ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ခိုင်မာသော ယုံကြည်ချက်များနှင့် သက်လုံကောင်းသည့် ရင့်ကျက်တဲ့ အရွယ်ပါ။ အကောင်းအဆိုးကို ခွဲခြားလာနိုင်သလို ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်း စတဲ့ စိန်ခေါ်မှုတွေကို ပညာသားပါပါ ဖြတ်ကျော်နိုင်ချိန်ပါ။ ပညာရပ် တစ်ခုခုကို အောင်မြင် ကျွမ်းကျင်စွာ တတ်ကျွမ်းနေပီး လုပ်ငန်းခွင်မှာ အသားကျနေတဲ့ အချိန် ကာလပါ ။

အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ စိတ်တည်ငြိမ်မှု ၊ ရင့်ကျက်မှု ၊ နားလည်မှု ၊ ယုံကြည်မှု ၊ စိန်ခေါ်မှု တွေကို ဖြတ်ကျော်နိုင်မှုတွေ မြင့်မားနေချိန်ပါ ။ ယောကျ်ားလေးများနှင့် မိန်းခလေးများ အကုန်လုံး ဘဝသစ်တခု တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဟု အကြံပေး ပါရစေ ။

အသက် 31 နှစ်မှ 40 နှစ်ထိ

အိမ်ထောင်ပြုဖို့ ကောင်းသော်လည်း သားသမီး ယူမယ်ဆိုရင် မိဘနှင့် သားသမီး အသက် အရမ်း ကွာခြားသွားတတ် သောကြောင့် သားသမီးတွေ ဘဝကို ပြုစုပျိုးထောင်ရာမှာ ပင်ပန်းတတ် ပါတယ် ။ ဥပမာ - မိဘက အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုပီး ကလေးယူရင် သားသမီး အသက် ၂၀ မှာ မိဘတွေက အသက် ၅၀ နှစ် ကျော်နေပါပီ ။ သားသမီးတွေ အတက် နှင့် မိဘတွေ အရွယ်ကျ ဖြစ်နေတတ် ပါတယ် ။

အိမ်ထောင်ပြုတယ် ဆိုတာက စားဝတ်နေရေးက ပထမဆိုပေမယ့် ပျော်ရွှင်မှုက ပထမပါ ။ ပျော်ရွှင်ရဖို့ ဆိုတာက အဓိက ကျန်းမာသန်စွမ်းပြီး အပေးအယူ မျှတဖို့ အရမ်း အရေးကြီး ပါတယ် ။ အိမ်ထောင်ရေးမှာ မေတ္တာတရားက အရေးပါတယ် ဆိုပေမယ့် နားလည်မှုနှင့် ယုံကြည်မှုက နှစ်ဖက်စလုံး ညီမျှနေဖို့က ပိုအရေးကြီး ပါတယ် ။

ချစ်တိုင်း မညားတတ်ဘူး ဆိုတာဟာ ဖူးစာက ပထမ ဆိုရင် အပေးအယူနှင့် အပြန်အလှန် တန်ဖိုးထားမှုတွေက ဒုတိယပါ ။

ကိုယ်တိုင် ရွေးချယ်ပီးသား အိမ်ထောင်ဖက်နဲ့ မယူခင်ကတည်းက ပွင့်လင်းစွာ ဆွေးနွေးပီး စိတ်တူ ကိုယ်တူ အသွင်တူစွာ သာယာအေးချမ်းသော စံပြ အိမ်ထောင်ရေးတစ်ခု တည်ဆောက်နိူင်ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်.. ။

Zenith

Post a Comment

0 Comments