သင့်လက်ဖဝါးပြင်မှ ကာမဂုဏ်လမ်းကြောင်းအကြောင်း သိကောင်းစရာ

ကာမဂုဏ် လမ်းကြောင်းကို လက်ကောက်ဝတ်မှ စတင်ပြီး တနင်္လာဂြိုဟ်ခုံ နှင့် တနင်္လာဂြိုဟ်ခုံနှင့် အင်္ဂါဂြိုဟ်ခုံအကြား တို့တွင် အဆုံးသတ်သည်ဟု ဆိုသည်။ ဆရာကြီး ဘင်ဟန်နှင့် စိန့်ဂျာမိန်းတို့ကမူ တနင်္လာဂြိုဟ်ခုံအောက်ခြေမှ အစပျိုးပြီး ကျန်းမာရေးလမ်းကြောင်းနှင့် အပြိုင်တည်ရှိတတ်ပြီး တနင်္လာဂြိုဟ်ခုံ အထက်ပိုင်းနှင့် တနင်္လာဂြိုဟ်ခုံနှင့် အင်္ဂါဂြိုဟ်ခုံအစပ်နားအထိ အဆုံးသတ်နေတတ်သည် ဟုလည်း ဆိုပါသည်။

လက်တွေ့ လေ့လာကြည့်ရာတွင် အတွေ့များသော ကာမဂုဏ်လမ်းကြောင်းကို လက်ကောက်ဝတ်မှ အစပျိုးပြီး တနင်္လာဂြိုဟ်ခုံ အထက်ပိုင်းသို လေးကိုင်းသဖွယ် ကွေးတက်နေသည်ကိုသာ အတွေ့များသည်။ ထိုကာမဂုဏ်လမ်းကြောင်းနှင့် ပါတ်သက်ပြီး ကျမ်းအတော်များများအနေဖြင့် အဆိုးကိုသာ ဟောပြောလေ့ရှိကြသော်လည်း အချို့သော အချက်အလက်များအနေဖြင့် လက္ခဏာရှင်အတွက် အကောင်းများလည်း ရှိနေပါသေးသည်။

ထို့ကြောင့် အဆိုးသက်သက်ကိုသာ ပြောနေ၍မရပါ၊ ကျိုးကြောင်းဆက်စပ်ပြီး ကောင်းနေသည့် အချက်မျာလည်းရှိနေတတ်သည်။လက်ပုံစံ၊အခြားသောလမ်းကြောင်းများ၏ အကျိုးများကလည်း ထိုကာမဂုဏ်လမ်းကြောင်း၏ ကောင်းခြင်း၊ ဆိုးခြင်းကို ပြုပြင်တတ်ပါတယ်။

ဒီလမ်းကြောင်းရဲ့ မူလစရိတ်ကိုတော့ သိထားရပါတယ်၊ မူလအကျိုးပေးကတော့ အရက်သေစာမူယစ်ပျော်ပါးတာ၊ ကာမဂုဏ်မှာပျော်မွေတာ၊ ဇိမ်ခံတတ်တဲ့အလေ့အထရှိတဲ့ လမ်းကြောင်းလို့ မူလစရိတ်ကို ဖော်ပြနေပေမယ့် ဒီလမ်းကြောင်းပါတာနဲ့ ဒါတွေဖြစ်လိမ့်မယ်လို့တော့ တစ်ထစ်ချပြောလို့မရသေးပါဘူး၊ သေချာစစ်ဆေးရပါလိမ့်မယ်။

ဒီလိုစစ်ဆေးတဲ့အခါ လမ်းကြောင်းရဲ့ အခြေအနေ အစ၊အဆုံးနဲ့ ဒီလမ်းကြောင်းနဲ့ ဘယ်လိုလမ်းကြောင်းတွေက လာပူးပေါင်းသေးသလည်းဆိုတာတွေကိုပါ သေချာစစ်ဆေးရမှာ ဖြစ်တယ်။ ဒီလမ်းကြောင်းဟာ အမျိုးသားတွေမှာဘဲ ပါတဲ့ လမ်းကြောင်း မဟုတ်ပါဘူး၊ အချို့သော အမျိုးသမီးတွေမှာလည်း ပါတတ်ပါတယ်။ သတိလည်းပြတဲ့ လမ်းကြောင်းတစ်ခုပါ။

(အောက်တွင် ဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ လက်ပုံစံ၊ဂြိုဟ်ခုံ၊ အဓိကလမ်းကြောင်းများ စသည်တို့ဖြင့် မချင့်ချိန်ရသေးဘဲ သူ့ရဲ့ မူလစရိတ်ကိုသာ ဖော်ပြတင်ပြခြင်းဖြစ်ပါတယ်)

၁။ ကာမဂုဏ် လမ်းကြောင်း (ရမ္မက်လမ်း) ဟာ လက်ကောက်ဝတ်က ထွက်ပေါပြီး တနင်္လာဂြိုဟ်ခုံနဲ့ အင်္ဂါဂြိုဟ်ခုံအစပ်လောက်အထိကို ထင်ထင်ရှားရှား လေးကိုင်းသဖွယ် ပါရှိနေမယ်ဆိုရင်တော့ အပျော်အပါး ဝါသနာပါမယ်၊ မူယစ်ဆေးဝါး တစ်ခုခုစွဲရင် ဖြတ်ဖို့ခက်မယ်၊ အစွဲအလမ်းကြီးတယ်၊ သူကိုယ်တိုင်က ကြိုက်နေတတ်တာမျိုး၊ စိတ်ထိခိုက်လွယ်တဲ့ သဘောတွေ ရှိတယ်။အကောင်းကြိုက်တတ်ပြီး အလှအပ၊ အမွှေးနံသားကို မက်မောသူဖြစ်မယ်။ ဒီလို လမ်းကြောင်းထင်ရှားခဲ့ရင်တော့ လောင်းကစားလည်း ဝါသနာပါတတ်တယ်၊ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ သူလုပ်တဲ့လုပ်ငန်းမှာ စွဲစွဲမြဲဲမြဲဇောက်ချ လုပ်ကိုင်တတ်တယ် ဆိုတဲ့အချက်လည်း ရှိပါတယ်။

၂။ ဒီလမ်းကြောင်းဟာ ထင်ရှားမနေဘဲ လမ်းကြောင်းတိုလေးများ၊ အပြတ်အတောက်ကလေးများအဖြစ်တွေ့ ရမယ်ဆိုရင်တော့ အပျော်အပါးဘက်ကို အလွန်အကျူးလိုက်စားတာမျိုး၊ထမင်းမေ့၊ဟင်းမေ့ဖြစ်တာမျိုးအထိ လိုက်စားတတ်တဲ့သူတွေ မှာတွေ့ရများပါတယ်၊ဒီလိုမျိုးအမှတ်အသားပါပြီး လက်ရေစာဟာ အဝတ်ကိုကိုင်ရသလို ပျော့နေခဲ့မယ်ဆိုရင်တော့ အရက်၊ဘိန်း၊စတဲ့မူးယစ်ဆေးရဲ့ သားကောင်းဖြစ်ပြီး ဖြတ်မရဖြစ်နေမှာပါ။ ဒီဆေးတွေရဖို့ ဘာမဆိုလုပ်တတ်တယ်ဆိုတဲ့အချက်လည်း ဆက်စပ်ပြီး ဟောနိုင်ပါတယ်။

၃။ ဒီကာမဂုဏ်လမ်းကြောင်းကနေပြီး နောက်ထက်လမ်းကြောင်းအခွဲတစ်ခုဟာ နှလုံးလမ်းကြောင်းကို ဖြတ်ပြီး ဗုဒ္ဓဟူးဂြိုဟ်ခုံမှာရှိတဲ့ အိမ်ထောင်ရေးလမ်းကြောင်းအထိ သွားပြီးဖြတ်လိုက်ရင်တော့ ဒီလက္ခဏာပိုင်ရှင်ဟာ အိမ်ထောင်ဘက်ကို အလေးမထားဘဲ မိမိရဲ့ပျော်ရွှင်မှု့၊အပျော်အပားကိစ္စတွေနဲ့မူးယစ်နေတတ်သူဖြစ်တတ်ပါတယ်၊ဒိလိုနဲ့ အိမ်ထောင်ရေးမသာယာတော့ဘဲ နောက်ဆုံးမှာ တရားဝင်ကွာရှင်းရတတ်ပါတယ်။

၄။ ဒီလမ်းကြောင်းကနေ အစပြုပြီး လမ်းခွဲလမ်းကြောင်းတစ်ခုဟာ ဦးခေါင်းလမ်းကြောင်းကို ထိနေတာ ဒါမှမဟုတ် ဖြတ်နေခဲ့မယ်ဆိုရင်တော့ လက္ခဏာရှင်ဟာ မူးယစ်ဆေး၊ဒါမှမဟုတ် အပျော်ကျူးရင်းကနေ ဦးဏှောက်နဲ့ဆိုင်တဲ့ ရောဂါရနိုင်တယ်။ မူးယစ်လွန်ရာမှ ဦးဏှောက်ထိခိုက်မိပြီး စိတ်မူမမှန်တော့တဲ့ အခြေအနေဖြစ်ရတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါစွဲကပ်နိုင်တဲ့သူပါ။ ကုသရခက်ခဲတတ်တယ်လို့ ဆိုပါတယ်။တစ်ကယ်လို လမ်းနှစ်ခုထိစပ်တဲ့နေရာမှာ ကြယ်ပုံစံဖြစ်နေခဲ့ရင်တော့ (ဒီနေရာမှာ ကြယ်ပါရှိသော်လည်း) ရူးတတ်တယ်လို့ ပြောရမှာဘဲဖြစ်တယ်။

၅။ လမ်းကြောင်းမှနေ၍ အထက်ဘက်ကို လမ်းကြောင်းတိုလေးများ ထိုးတက်နေတတ်ပြီး အဆိုပါလမ်းကြောင်းလေးများသည် ဗုဒ္ဓဟူးဂြိုဟ်ခုံမှ ဆင်းလာသော ကျန်းမာရေးလမ်းကြောင်းကို ထိစပ်နေခဲ့မယ်ဆိုရင်တော့ အပျော်အပါးကြောင်း ကုသရခက်သော ရောဂာဆိုးများ၊ ကာလသားကဲ့သို့ ရှက်ဖွယ်ဖြစ်သောရောဂါများ၊ ယခုခေတ်အရ (AIDS) ကဲသို့ရောဂါရရှိခြင်းတို့ကို ပြသနေပြီး၊ မူးယစ်ဆေးကြောင့်လည်း ရရှိတတ်ကြောင်း ဆိုရပေမည်။ ထိုလမ်းကြောင်းထဲမှ အချို့လမ်းကြောင်းလေးများက ဦးခေါင်းလမ်းကြောင်းကို ထပ်ပြီးထိနေပါက စိတ်ဝေဒနာကိုပါ ခံစားရတတ်ပေသည်။

၆။ ကာမဂုဏ်လမ်းကြောင်းမှ ထွက်ပေါ်ထိုးတက်နေသော လမ်းကြောင်းတိုလေးဟာ အောင်မြင်ရေး လမ်းကြောင်းကို သွားရောက်ထိနေရင် (ဖြတ်မသွားရ) လက္ခဏာရှင်ဟာ မူယစ်ဆေးရောင်းဝယ်ခြင်း၊ မူးယစ်စေသော ဆေးဝါးများ မှောင်ခိုပြုခြင်း၊စတဲ့ ဒုစရိက်လုပ်ငန်းနဲ့ သူမတူအောင် ချမ်းသာကြွယ်ဝမယ့်သူလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့လက်မှာ ထောင်အမှတ်အသား၊ အချုပ်အနှောင်အမှတ်အသားတွေ ပါရှိသလားဆိုတာကိုတော့ကြည့်ရမှာဖြစ်တယ်။

၇။ ကာမဂုဏ်လမ်းကြောင်းမှ ထွက်ပေါ်ထိုးထက်နေသော လမ်းကြောင်းတိုလေးဟာ အောင်မြင်ရေး လမ်းကြောင်းကို ဖြတ်သွားတဲ့အခါ မိမိနဲ့ လိင်တူတစ်ဦးကို (၁၅၀၀) မေတ္တာဖြင့် ချစ်ခင်မိပြီး ငွေကြေးအများ ကုန်ဆုံးတတ်ခြင်း၊ စိတ်ထိခိုက်ရခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။လိင်တူချစ်သူအတွက် ဘဝတွင် မလုပ်သင့်သောအရာများစွာကို အဆင်အခြင်မဲ့ လုပ်ကိုင်ပြီး ထိုအချစ်အတွက် ဘဝဆုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။ လိင်တူအတွက်ကြောင့် အောင်မြင်မှု ရည်မှန်ချက်တွေ ပျောက်ဆုံးကုန်တတ်တယ်။

၈။ အင်္ဂါဂြိုဟ်ခုံ အဖို(သို့) အမ တစ်ဘက်ဘက်မှ လမ်းကြောင်းတစ်ခုဟာ ကာမဂုဏ်လမ်းကြောင်းသို့ ဆင်းလာပြီး ထိစပ်နေရင် ဒါမှမဟုတ် ဖြတ်သွားခဲ့မယ်ဆိုရင် မိမိရဲ့ အသွေးအသားကို ကာမဂုဏ်ကိစ္စအလိုငှါ အသုံးချတတ်တဲ့သူ ဖြစ်လာတတ်ပါတယ်။ ဒီလို လမ်းကြောင်းပါပြီး လက်ရေစားအလွန်ညံ့တဲ့အခါ အမျိုးသမီးဖြစ်ခဲ့ရင် ပြည့်တန်ဆာ လိုအလုပ်မျိုးမှာ ပျော်သွားတတ်တယ်။ အမျိုးသားဖြစ်ခဲ့ရင်လည်း ဒီလိုပြည့်တန်ဆာလို အလုပ်မျိုးနဲ့ ဆက်စပ်တဲ့ အလုပ်မျိုး၊ ပြည့်တန်ဆာခေါင်း လုပ်ငန်း၊ သူတပါး အသွေးအသားကို ကိုယ်ကျိုးအမြတ်ထုတ်တဲ့ လုပ်ငန်းမျိုးတွေကို ရက်စက်စွာ လုပ်ဆောင်တတ်တဲ့သူတွေ ဖြစ်လာတတ်ပါတယ်။

အထက်က ဖော်ပြတဲ့ အကြောင်းအရာ အချက်အလက်များကို ဖော်ပြပါအတိုင်း တိုက်ရိုက်ဟော ဆိုရမယ်လို့ မဆိုလိုပါဘူး။ လက္ခဏာရှင်ရဲ့ လက်ပုံစံကောင်းမွန်ခြင်းရှိမရှိ၊ လက်ချောင်းလေးများရဲ့ အခြေအနေ၊ ဂြိုဟ်ခုံများနဲ့ လက်ရေစားတွေကိုလည်း အသေးစိတ် စစ်ဆေးရမှာ ဖြစ်တယ်။ ဒီလို စစ်ဆေးတဲ့အခါ အခြားသော ဒီအဖြစ်တွေကို တာဆီးနိုင်မယ့် လမ်းကြောင်းများ၊ ကောင်းမွန်တဲ့ အမှတ်အသားများ ပါရှိသလား ဆိုတာတွေကအစ သေသေချာချာ စစ်ဆေးပြီးမှ ဟောရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကင်္ကသူ

Post a Comment

0 Comments