မိန်းကလေးများ မယူသင့်တဲ့ ယောက်ျား (၈) မျိုး

၁ ။ လင်မွဲ

ဘယ်လောက်ပဲ ချစ်ပါစေ ၊ စီးပွားရေး အသိတရား မရှိဘူးဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့အိုင်မှာ နေရတဲ့ငါးလိုပဲ ပူလောင်ခြောက်သွေ့ လွန်းပါတယ်။ ဒါ့ကြောင့် မွဲတဲ့ယောက်ျားကို မယူကြလေနဲ့။

၂ ။ လင်နာ

မင်္ဂလာဦးညကစလို့ ဖြစ်လိုက်တဲ့ ရောဂါဆိုတာ ကြီးသေးပေါင်းစုံ၊ ပိုးမွေးသလို မွေးနေရမယ့် ကိုချူချာ၊ ကုလိုက်ရတဲ့ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာ လမ်းမမြင် ဆုတ်ယုတ်ရန်သာရှိ မယူလေနဲ့ အမိ။

၃ ။ လင်အရက်သမား (လင်သူရာကြိုက်)

အရက်သေစာ၊ ယခုခေတ်တော့ မူးယစ်ဆေးသောက်စား မူးယစ်တတ်တဲ့ ယောက်ျား မိတ်ကောင်း ဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာပျက်ပြား။ ကိုယ့်လက်ထဲ ရောက်မှ ပြု ပြင်ပါ့မယ်၊ ကိုယ်ကိုင် တွယ်ပါ့မယ်လို့ မတွေးနဲ့။ ကတိတွေ အထပ်ထပ်ပေးလည်း မယုံလိုက်လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။

၄ ။ လင်မိုက် (လင်ရမ်းကား)

ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန် မကျန်ကုန်အောင် ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား။ ယူမိရင် မျက်ရည်နဲ့ဒူးနဲ့ ဝမ်းဆက် ဖြစ်လိမ့်မယ်။

၅ ။ လင်ဖျင်း

အစစ အရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ။ ကိုယ်ပိုင်အစွမ်းအစ မရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ယောက်ျား။ လင်ရုပ်သေး ဝေးဝေးကသာရှောင်။

၆ ။ လင်ပျင်း

သေချာတယ် ချစ်သူဘဝမှာ ကတည်းက ထမင်းတောင် ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ် ရှိတတ်တဲ့ မိန်းကလေးတွေအဖို့ သဘောကျစရာပဲ။ ဒီလိုအစား ကြာကြာဝါးမှ ခါးမှန်း သိမယ်။ မိတ်ဆွေကောင်းမရှိ။ အပျင်းထူ အရေထွက် စီးပွားမတက်။

၇ ။ လင်အို

အိုတဲ့ ယောကျာ်း သူများအတွက်ရော၊ မိန်းမအတွက်ရော ဘယ်နေရာများ အသုံးတဲ့တာ ဘာရှိသတုန်း။ သဝန်တိုတတ်တာ နှစ်ယောက်မရှိ။ သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ ပေးစား။ စိတ်ကို မီးလိုပူစေတဲ့ ယောက်ျား ဝေးရာက ရှားလော့ ချစ်နှမ။

၈ ။ လင်အလိုမပြည့်

ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး ကျေးဇူးတရားကို မသိ၊ အဆိုးအပြစ်သာ မြင်တတ်ပြောတတ်တဲ့ ယောက်ျား။ အပြုသဘောမဆောင် အပျက်သဘော၊ အဖျက်သဘောသာရှိတဲ့ ယောက်ျား အလကားပဲ။

လင်မွဲ လင်နာ လင်သူရာကြိုက် လင်မိုက် လင်ဖျင်း လင်ပျင်း လင်အို အလိုမဖြည့် မပြည့်ဆန္ဒ ရှိတုံကလျှင် မိန်းမဟူသည် ဤရှစ်မည်ကြောင့် မကြည်မသာ အနာတရ ရှိတတ်စွ ။

ကြိုက်ရင်လည်း ယူတော်မူကြ မတားလိုပါ။ (ဝဋ်ကြွေးဆပ်လိုတဲ့ သဘော)

Post a Comment

0 Comments