သန့်ရှင်းရေးသမားဘဝကနေ ၂၄ နှစ်အကြာမှာ လေယာဉ်မှူးဖြစ်လာခဲ့သူ

လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတဲ့ စကားပုံ အတိုင်းပါပဲ။ ကိုယ့်မှာ ပြင်းပြတဲ့ ဆန္ဒရှိရင် ဘာမဆို အောင်မြင်နိုင်ပါတယ်။ ယုံကြည်မှုတွေ၊ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ဘဝကို ရှင်သန်ရတာ အဓိပ္ပါယ် ရှိပါတယ်။ လေယာဉ်မှူး ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ပြင်းပြတဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ ၂၄ နှစ် အကြာမှာ တကယ်ကို ဖြစ်လာပါတော့တယ်။

Mohammed Abubakar ရဲ့ ဇာတိကတော့ အာဖရိကတိုက်၊ နိုင်ဂျီးရီးယားနိုင်ငံက မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်။ ဆယ်စုနှစ် နှစ်စုကြာ ကြိုးစားပမ်းစား အလုပ်လုပ်ပြီးတဲ့ အခါမှာတော့ သူ အလွန်ဖြစ်ချင်ခဲ့တဲ့ လေယာဉ်မှူး တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ပိုပြီး မယုံကြည်နိုင်စရာ ကောင်းတာကတော့ သူ့ရဲ့ဘဝခရီး စတင်ခဲ့တာဟာ Kaduna Polytechnic ဖြစ်ပါတယ်။ သူ့ရဲ့စာတမ်းကို အချိန်မီ မတင်သွင်းနိုင်လို့ ကောလိပ်တက်ဖို့ ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် Mohammed က သူ့ရဲ့ရည်မှန်းချက်အတွက် လက်မလျှော့ခဲ့ပါဘူး။ Kabo လေဆိပ်မှာ သန့်ရှင်းရေးသမားအလုပ်ကို လျှောက်ခဲ့ပါတယ်။

အလုပ်စလုပ်ချိန်မှာ Mohammed ဟာ တစ်နေ့ကို နိုင်ဂျီးနီးယားငွေ ၂၀၀ Naira သာ ရပါတယ်။ ရရှိတဲ့ငွေက မဖြစ်စလောက်လေး ဆိုပေမယ့် Mohammed က အလုပ်နဲ့ ပတ်သက်ပြီး ဘာမှ စောဒက မတက်ခဲ့ပါဘူး။ အလုပ်ကို အောက်ခြေကနေ တဖြည်းဖြည်းချင်း ကြိုးစားလုပ်ကိုင်ခဲ့ ပါတယ်။

" လူအများစုက ကျွန်တော့်ကို ဒီလောက်လစာနဲ့ မလုပ်နိုင်ဘူးလို့ ထင်ကြတယ်။ လေကြောင်းလိုင်းရဲ့ အောက်ခြေဝန်ထမ်းအဖြစ် လုပ်ခဲ့တယ်။ လုံခြုံရေးက လွဲလို့ လေယာဉ်ကွင်းရဲ့ အလုပ်အားလုံးနီးပါး ကျွန်တော်လုပ်ဖူးတယ် " လို့ Mohammed က ပြောပါတယ်။

Mohammed က အလုပ်ကို တကယ်ကြိုးစားတာကြောင့် လေကြောင်းကုမ္ပဏီက လေယာဉ်အမှုထမ်းအဖြစ် အလုပ်လုပ်ခွင့် ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ Aero Corporations မှာ အရည်အချင်းပြည့်ဝတဲ့ လေယာဉ်မောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။

Mohammed ကလည်း ပိုက်ဆံတွေ စုမိပြီး Managing dirdctor ကလည်း သူ့ကို အကူအညီပေးလိုက်တဲ့အခါ Mohammed က ကနေဒါနိုင်ငံမှာရှိတဲ့ လေယာဉ်မောင်း သင်တန်းကျောင်းမှာ သွားရောက်ပညာသင် နိုင်ခဲ့ပါတယ်။ ကနေဒါမှာ သူ့ရဲ့ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ကို ပထမဆုံး ရရှိခဲ့ပါတယ်။

အခုတော့ Amazon Air လေကြောင်းလိုင်းရဲ့ တရားဝင်လေယာဉ်မှူး ဖြစ်သွားပါပြီ။ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်က ကြာရင်ကြာပါလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲပါလိမ့်မယ်၊ ဒါပေမယ့် ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားမှု၊ ကံ၊ ဉာဏ်၊ ဝီရိယတို့ ပေါင်းစပ်လိုက်တဲ့အခါ အောင်မြင်နိုင်ကြောင်း Mohammed က သက်သေပြခဲ့ပါတယ်။

Zombie( Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments