ထူးထူးခြားခြား ပင်လယ်နှစ်ခု ထိစပ်နေတဲ့ Grenen ကမ်းခြေအကြောင်း

ကမ္ဘာပေါ်မှာ ပင်လယ်နှစ်ခု ထိစပ်နေတဲ့ နေရာတွေ ရှိပါတယ်။ ဒါပေမယ့် ပင်လယ်နှစ်ခု ထိစပ်နေတဲ့ နေရာမှာ မတ်တပ်ရပ်ဖို့ ကတော့ ရှားပါးလွန်းတဲ့ အခွင့်အရေးပါပဲ။ ဒိန်းမတ်နိုင်ငံ၊ Skagen မြို့အနီး Grenen ကမ်းခြေမှာတော့ ပင်လယ်နှစ်ခုက ထိစပ်နေပါတယ်။

Skagen ပင်လယ်နဲ့ Kattegat ပင်လယ်တို့ဟာ နှစ်သန်းပေါင်းများစွာ တစ်ခုကိုတစ်ခု လှိုင်းတွေ ရိုက်ခတ်ပြီး ရှည်လျားတဲ့ သဲသောင်ပြင်တစ်ခု ဖြစ်ပေါ်လာပါတယ်။ အဲဒီနေရာလေးကတော့ သဘာဝအလှအပတွေကို ခံစားလိုသူတွေအတွက် လည်ပတ်ဖို့ကောင်းတဲ့ နေရာပါ။

Grene ကမ်းခြေကို "သစ်ကိုင်း"လို့ ဘာသာပြန်ကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီကမ်းခြေက ကျဉ်းရှည်ရှည် ပုံစံရှိပြီး ကုန်းမြေကနေ ဆန့်ထွက်နေတဲ့ပုံစံ ဖြစ်နေလို့ပါ။ ဆန့်ထွက်နေတဲ့ ပုံစံကလည်း သစ်ကိုင်းနဲ့ ခပ်ဆင်ဆင် တူပါတယ်။ Skagen မြို့က ဒိန်းမတ်နိုင်ငံရဲ့ မြောက်ဘက် အစွန်ဆုံးမြို့ဖြစ်ပါတယ်။ Grenen ကမ်းခြေက လေးကီလိုမီတာ ရှည်လျားပါတယ်။ သဲသောင်ပြင်က ခပ်ကွေးကွေး ပုံသဏ္ဍာန်ရှိပြီး နိုင်ငံရဲ့အစွန်ဘက်ဆုံးနေရာ ဖြစ်ပါတယ် ။

Skagen မြို့ရဲ့ အဖြူရောင်မီးပြတိုက်ကို မဆောက်ခင် 1747 ခုနှစ်ကဆိုရင် သင်္ဘောသားတွေက တစ်ခါတရံ ရေတိမ်ပိုင်းကျောက်တန်းတွေကို မမြင်ရဘဲ ကမ်းပေါ်ရောက်သွားတတ်ကြပါတယ်တဲ့။ အဲဒါကြောင့် 1747 ခုနှစ်မတိုင်ခင်က Grenen ကမ်းခြေက သင်္ဘောသားတွေအတွက် ဖြတ်သန်းသွားလာရာမှာ ခက်ခဲခဲ့ပါတယ်။

မြောက်ပင်လယ်ထဲကို စီးဝင်တဲ့ Skahen ပင်လယ်နဲ့ ဘောလ်တစ်ပင်လယ်ထဲကို စီးဝင်တဲ့ Kattegat ပင်လယ်တို့ ဆုံရာမှာ မတ်တပ်ရပ်လိုက်ရတဲ့ ခံစားမှုက ကြက်သီးထစရာ ကောင်းပါတယ်။ ပင်လယ်နှစ်ခု ထိစပ်နေတဲ့နေရာက သဘာဝအံ့ဖွယ်ပါပဲ။ ပင်လယ်နှစ်ခုမှာ ခြေထောက်တစ်ဖက်စီ ရေစိမ်ရင်းနဲ့ မိုးကုတ်စက်ဝိုင်းကြီးကို ငေးမောကြည့်လိုက်မယ်ဆိုရင်တော့ ဆွီဒင်နိုင်ငံရဲ့မြို့တော် Gothenburg ကို မြင်ရမှာပါ။

ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီကမ်းခြေမှာ ပင်လယ်ရေစီးကြောင်းကြမ်းလို့ ရေကူးခွင့် မပြုပါဘူး။ ဒါပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ ရင်သပ်ရှုမောဖွယ် ကမ်းခြေတွေရှိပါသေးတယ်။ Grenen ကမ်းခြေတစ်ဝိုက်မှာ ဒေသရင်းအပင်တွေနဲ့ ဒေသရင်းတိရစ္ဆာန်တွေ ပေါများပါတယ်။ သမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားကြတဲ့ ရေနေသတ္တဝါ အကြီးစားတွေကလည်း လှိုင်းထန်တဲ့ ပင်လယ်ရေထဲမှာ ကူးခတ်နေကြပါတယ်။

ပင်လယ်ဖျံတွေဆိုရင် ကမ်းခြေကိုလာလည်တဲ့ ဧည့်သည်တွေကြားမှာ ပျင်းရိပျင်းတွဲနဲ့ လဲလျောင်းနေတတ် ကြပါသေးတယ်။ လာရောက်လည်ပတ်သူတွေကတော့ လင်းပိုင်တွေ၊ မြောက်ပိုင်း ခဲရောင်ဝေလငါးတွေနဲ့ အနက်ရောင် ဝေလငါးတွေ ကူးခတ်နေကြတာကို ပိုပြီးအာရုံစိုက်ကြပါတယ်။ ကမ်းခြေကို လာလည်မယ်ဆိုရင်တော့ ထူးဆန်းအံ့ဩဖွယ် သက်ရှိတွေကို ကြည့်နိုင်ဖို့ မှန်ပြောင်းကို ယူဖြစ်အောင် ယူလာခဲ့ပါ။

Grenen က ကမ်းခြေက ကွဲပြားခြားနားတဲ့ ကုန်းမြေကြောင့်လည်း နာမည်ကြီးပါတယ်။ အဲဒီကုန်းမြေက အသစ်ဖြစ်ပေါ်နေဆဲဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာ ပြောကြပါတယ်။ လွန်ခဲ့တဲ့ တစ်ရာစုကျော်ကျော်လောက်က ကျောက်တန်းဟာ အရှေ့မြောက်ဘက်ဖြစ်တဲ့ ဆွီဒင်နိုင်ငံဘက်ကို တိုးသွားပါတယ်။ ဒါကြောင့် Grenen ကမ်းခြေအကြောင်းကို နောင်ဆိုရင် လူတွေ နားလည်လာနိုင်တော့မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောကြတာပါ။

Skagen မြို့ကို သွားလည်တာက Grenen ကမ်းခြေကို ရောက်ဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ Skagen မြို့က နာမည်ကြီးတဲ့ ဒိန်းမတ်မြို့တစ်မြို့ပါ။ 19 ရာစုနှောင်းပိုင်းနဲ့ 20 ရာစုအစပိုင်းမှာ Skagen မြို့က အနုပညာရှင်တွေကြောင့် နာမည်ကြီးပါတယ်။ အထူးသဖြင့် ပန်းချီဆရာတွေက တစ်မူထူးခြားတဲ့ ရှုခင်းတွေအတွက် မြို့အစွန် အဖျားနေရာတွေမှာ ခေတ္တသွားနေ တတ်ကြပါတယ်။

အဲဒီ ပန်းချီဆရာတွေက Skagen ပန်းချီဆရာတွေဆိုပြီး လူသိများလာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သူတို့ရဲ့ ပန်းချီကား တစ်ထောင်ကျော်ကို Skagen ပြတိုက်မှာ ပြသထားပါတယ်။ အခုဆိုရင် Skagen ကို ဧည့်သည်တွေ သန်းနဲ့ချီပြီး လာလည်နေကြပါပြီ ။ ဧည့်သည်တွေက အားလပ်ရက်တွေကို ဒိန်းမတ်နိုင်ငံရဲ့ ကျေးလက်ဒေသမှာ ကုန်ဆုံးကြပါတယ်။

သဘာဝတရားကို စိတ်ဝင်စားတဲ့ သူတွေအတွက်တော့ Grenen ကမ်းခြေက မသေခင်သွားသင်တဲ့နေရာထဲမှာ ပါဝင်ပါတယ်။ အဖြူရောင် သဲသောင်ပြင်တွေရှိတဲ့ ကမ်းခြေတွေက မြို့အရှေ့ဘက်ကနေ အနောက်ဘက်အထိ ကီလိုမီတာများစွာ ရှည်လျားပါတယ်။ မြို့အရှေ့ဘက်က ပင်လယ်ရေက လှိုင်းတံပိုး မရှိပါဘူး။ ဒါပေမယ့် မြို့အနောက်ဘက်မှာရှိတဲ့ ကမ်းခြေအများစုမှာ ရေကူးရင်တော့ အန္တရာယ် ကင်းပါတယ်။

ခရီးသွားလမ်းညွှန်တွေနဲ့ ဆက်သွယ်ပြီး သွားမယ်ဆိုရင်တော့ သစ်တောတွေ၊ လယ်ကွင်းတွေ၊ သဲခုံတွေဆီကို ရောက်မှာပါ။ တောင်တက်ခြင်း၊ မြင်းစီးခြင်းနဲ့ အခြားလှုပ်ရှားသွားလာခြင်းတွေကို တစ်နှစ်ပတ်လုံး စီစဉ်ပေးထားပါတယ်။ နွေဦးနဲ့ နွေရာသီအချိန်မှာ လာလည်ရင်တော့ လည်ပတ်ဖို့ ရွေးချယ်စရာ ပိုများပါတယ်။

မေလမှာကျင်းပတဲ့ Skagen ငှက်ပွဲတော်အတွင်းမှာ သန်းနဲ့ချီတဲ့ ဒေသတွင်း ခရီးသွားတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေက ဒေသတစ်ခုမှ တစ်ခုကို ပြောင်းရွှေ့တဲ့ငှက်တွေကိုကြည့်ဖို့ လာရောက်ကြပါတယ်။ ဥရောပမှာဆိုရင် Skagen မြို့က ငှက်မျိုးစိတ်တွေကို မြင်နိုင်တဲ့ ထိပ်တန်းမြို့တစ်မြို့ဖြစ်ပါတယ်။

Skagen မြို့ရဲ့ ရင်သပ်ရှုမောဖွယ် နေရာကို ရှာဖွေနေတယ် ဆိုရင်တော့ Skagen Odde Nature Centre ကို သွားဖြစ်အောင် သွားသင့်ပါတယ်။ ဒီအဆင့်အတန်းမြင့်မားတဲ့ ပြတိုက်မှာ သဲ၊ရေ၊လေ၊ အလင်းရောင်တွေရဲ့ အလှအပတွေကို အဓိကထား ဖော်ပြထားပါတယ်။ Skagen မြို့ရဲ့ သဘာဝဖြစ်ရပ်တွေကို ခရီးသွားတွေ သိရှိလာအောင် ဒီပြတိုက်က ကူညီပေးပါလိမ့်မယ်။

Zombie (Lovemedia)

Ref - theculturetrip

Post a Comment

0 Comments