သင်အသက်ကြီးလာတဲ့အခါ မျက်နှာမှာသာမက လက်မှာပါ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ ပေါ်လာတတ်ပါတယ်။ လက်ကိုလှလှလေး ထားချင်သူတွေအတွက် ဒီအချက်တွေက အသုံးဝင်မှာ အသေအချာပါပဲ။
၁။ Sunscreen ကို အမြဲလိမ်းပါ။
လက်ကို အမြဲ နုပျိုလှပဖို့ အရေးကြီးဆုံးအချက်က sunscreen လိမ်းဖို့ပါ။ Sunscreen က အစက်အပြောက်တွေကိုသာမက အရေပြားကိုလည်း ကာကွယ်ပေးပါတယ်။ အပြင်မသွားခင်မှာ SPF 50 နဲ့ အထက်ပါဝင်တဲ့ sunscreen ကို လက်မှာ လိမ်းပေးပါ။
၂။ ကားမောင်းနေစဉ်နဲ့ အိမ်အလုပ်တွေ လုပ်နေစဉ်မှာ လက်အိတ်စွပ်ပါ။
လက်အိတ်စွပ်ပြီး အလုပ်လုပ်တာက လက်ကို အနာတရဖြစ်မှုတွေကနေ ကာကွယ်ပေးတဲ့အပြင် အမည်းစက်တွေလည်း ဖြစ်မလာစေပါဘူး။ ကားမောင်းနေစဉ်မှာ လက်အိတ်ဝတ်ထားရင် UVA နဲ့ UVB ကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ပန်းကန်ဆေးတာ၊ အပင်စိုက်တာ၊ သန့်ရှင်းရေးလုပ်တာ စတဲ့ အိမ်မှုကိစ္စတွေ လုပ်နေစဉ်မှာလည်း လက်အိတ်စွပ်ထားသင့်ပါတယ်။
၃။ လက်ကို ရေနွေးစိမ်ပါ။
ဆောင်းရာသီမှာ အေးတာကြောင့် လက်တွေ အက်ကွဲပြီး အရေပြားတွေ ခြောက်လာပါတယ်။ အဲဒါကို ကာကွယ်ဖို့ ကြက်သီးနွေးရေထဲမှာ ဆားထည့်ပြီး ခဏအကြာစိမ်ထားရင် လက်လေးတွေက နူးညံ့နေမှာပါ။
၄။ လက်ကို ကြေးချွတ်ပါ၊
လက်ကို ရေဓါတ်ပါတဲ့ခရင်မ်တွေ မလိမ်းခင်မှာ ဖော့နဲ့ဖြစ်ဖြစ်၊ သပွတ်အူနဲ့ဖြစ်ဖြစ် လက်ကို ကြေးချွတ်ပါ။ ညင်ညင်သာသာကြေးချွတ်ပြီးရင် moisturizer ကို လိမ်းလို့ရပါပြီ။
၅။ လက်ကို ရေဓါတ် အမြဲပြည့်အောင် ထားပါ။
လက်ကို ရေဓါတ်ပြည့်ဖို့က ရေများများသောက်ပေးဖို့ လိုအပ်သလို moisturizer ကို ကောင်းကောင်း ရွေးချယ်ဖို့ လိုပါတယ်။ Urea နဲ့ salicylic acid တို့ ပါဝင်တဲ့ moisturizer တွေကို ရွေးချယ်လို့ ရပါတယ်။ Hyaluronic acid ပါဝင်တဲ့ moisturizer က အရေးအကြောင်းတွေကိုပါ ဖယ်ရှားပေးပါတယ်။
၆။ Vitamin C
လက်ပေါ်က အစက်အပြောက်တွေ ပျောက်ကင်းဖို့အတွက် vitamin C ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ၊ အစားအစာတွေကို စားပေးပါ။ အသားအရေကို တောက်ပစေတဲ့ အလှကုန်ပစ္စည်းတွေမှာတော့ ပြဒါးပါတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
၇။ လက်သည်း အမာရစ်လေးတွေကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။
တစ်ခါတရံမှာ လက်သည်း အမာရစ်လေးတွေမှာ အသားစ လန်နေတာက ကြည့်ရဆိုးသလို နာလည်းနာပါတယ်။ အဲဒီအခါ သံလွင်ဆီကို လက်သည်းအမာရစ်လေးမှာ လိမ်းပေးပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။
၈။ လက်သည်းကိုလည်း ဂရုစိုက်ပါ။
နုပျိုလှပတဲ့ လက်ကလေးရဖို့ လက်သည်းကလည်း အရေးပါပါတယ်။ သင်က လက်သည်း ကိုက်တတ်သူဆိုရင် ဘက်တီးရီးတွေ မှိုတွေစွဲပြီး လက်သည်းကလည်း မလှမပ ဖြစ်နေမှာပါ။
Zombie (Lovemedia)
0 Comments