ဂျင်းဘောင်းဘီတွေမှာ ဘာကြောင့် အိတ်ကပ်သေးသေးလေးတွေ ပါတာလဲ

ဘောင်းဘီအများစုကို ဝတ်လိုက်တဲ့အခါတိုင်း အိတ်ကပ်သေးသေးလေးတွေ ပါလာတာကို သတိပြုမိမှာပါ။ အထူးသဖြင့် ဂျင်းဘောင်းဘီတွေမှာ အတွေ့များပါတယ်။ ဒါဟာ ဘာလုပ်ဖို့အတွက်ပါလဲ။ ပစ္စည်းထည့်ဖို့လား ဒါမှမဟုတ် အလှသက်သက်လား စတဲ့မေးခွန်းတွေကို ဒီနေ့ပြောပြပေး သွားပါမယ်​နော်။

ဂျင်းဘောင်းဘီပေါ် ဒီလိုအိတ်လေးတွေ ထည့်ပေးထားခြင်းက ရှေးခေတ်က အိတ်ဆောင်နာရီလေးတွေကို ထည့်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ အစကတော့ နာရီအိတ်လို့ ခေါ်ခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြွေစေ့အိတ်၊ လက်မှတ်အိတ်စတဲ့ အခေါ်အဝေါ်များစွာကိုလည်း ခေါ်ခဲ့ကြပါသေးတယ်။

နှစ်ပေါင်းများစွာ အကြာမှာတော့ ကုမ္ပဏီတစ်ခုက ဂျင်းဘောင်းဘီတွေမှာ ကြေးနီကြယ်သီးတွေကို တပ်ပေးလိုက်ပါတယ်။ ဒီလိုတပ်ပေးလိုက်ခြင်းဟာ အိတ်ကို ပိုမိုတောင့်တင်းစေပြီးတော့ ပစ္စည်းတွေကိုလည်း ပိုပြီးထိန်းသိမ်း လာနိုင်ပါတယ်။ နာရီကိုလည်း စွဲစွဲမြဲမြဲ ဆောင်ထားစေနိုင်ပါတယ်။

ဒီလို ဂျင်းဘောင်းဘီတွေကို အလုပ်သမား၊ လက်သမား၊ မိုင်းလုပ်သား၊ မီးရထားအင်ဂျင်နီယာနဲ့ Cowboy တွေ အများအပြား ဝတ်ဆင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဂျင်းသားက အပေအတေခံတဲ့အပြင် ထူလည်းထူ ဝတ်ဆင်ရတာလဲ ကောင်းလို့ပါ။ အဲဒီခေတ်အခါကတော့ ဂျင်းဘောင်းဘီတွေဟာ အတော်ကို ခေတ်စားခဲ့ပါတယ်။ ယနေ့ထိတိုင်အောင် ဂျင်းက လူငယ်အများစုရဲ့ ဖက်ရှင်ကို ချုပ်ကိုင်ထားဆဲပါပဲ။

ဒီနေ့လို ခေတ်မှာတော့ အိတ်ဆောင်နာရီတွေကို အသုံးမပြုတော့ကြပါဘူး။ ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ အောင်မြင်ခဲ့တဲ့ လှပတဲ့အတိတ်ကို ဖော်ပြချင်လို့သာ ထည့်ပေးထားခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီလို အိတ်ထောင်လေးတွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို အကြံဉာဏ်လေး မျှဝေပေးချင်ပါတယ်။

- အကြွေစေ့လေးတွေကို သိမ်းထားလို့ ရပါတယ်။

- Airpod လေး ထည့်ထားလို့ ရပါတယ်။

- ခေါင်းဖြီး သေးသေးလေး ထည့်ထားလို့ ရပါတယ်။

- ပါးစပ် သန့်ရှင်းရေးလုပ်ဖို့ Spray ဘူးလေး ထည့်ထားလို့ ရပါတယ်။

- နှုတ်ခမ်းနီ ဒါမှမဟုတ် Lip balm လေးကို ထည့်ထားလို့ ရပါတယ်။

- အပ်ချိတ်လေးဖြစ်ဖြစ် တွယ်ချိတ်လေးဖြစ်ဖြစ် ဆောင်ထားလို့ ရပါတယ်။

- လက်သုတ်ပဝါတို့ တစ်သျှူးတို့လည်း ထည့်ထားရင် အဆင်ပြေပါတယ်။

- သော့ချိတ်ကို အရမ်းမကြီးရင်လည်း ထည့်ထားလို့ ရပါသေးတယ်။

Zombie (Lovemedia)

Post a Comment

0 Comments