ဆရာမင်းသိင်္ခ၏ ဗုဒ္ဓဟူး သားသမီးအကြောင်း

ဗုဒ္ဓဟူး သားသမီးလေးတွေဟာ ဂြိုလ်အားဖြင့် မာကျူရီဂြိုလ် စိုးမိုးသူများ ဖြစ်ကြတယ်။ ဗုဒ္ဓဟူး နေ့သားတွေဟာ ခန့်မှန်းရခက်တဲ့ လူစားမျိုးထဲမှာ ပါဝင်တယ်။ သူတို့ကို ခန့်မှန်းရခက်ပေမယ့် သူတို့ကို ထိခိုက်မယ့် အငွေ့အသက်တွေကို အာရုံရနေတတ်တဲ့ လူစားမျိုး ဖြစ်တယ်။

သူတို့တွေမှာ မွေးရာပါ စွမ်းရည် ၂ ခု ရှိတယ်။ အဲဒါ စူးစမ်းတတ်တဲ့ အကျင့်နဲ့ အပြောစွမ်းရည်ပဲ။ ကိုယ့်ဖာသာ စူးစမ်းရုံတင်မကဘဲ ရှင်းပြမယ့်သူ မောလောက်အောင် မေးခွန်းတွေ တစ်ခုပြီးတစ်ခု ထုတ်ထုတ်တတ်တယ်။ မောင်လျှာရှည်၊ မလျှရှည်ဆို တစ်ခြားမကြည့်နဲ့ အဲဒါ ဗုဒ္ဓဟူးသားသမီးတွေ။

သူတို့ရဲ့ဘ၀ သူတို့အတွေးမှာ အမြဲ မေးခွန်းတွေနဲ့ပဲ ပြည့်နေတတ်တယ်။ သူတို့ဟာ မေးခွန်းမှာတင် ရပ်သွားတာ မဟုတ်ပါဘူး။ အဖြေကိုပါ အငမ်းမရ ရှာဖွေ တွေးတောနေတတ်ကြတယ်။ အရာတိုင်းကို စိတ်ဝင်စားပြီး သိချင်တာ များတယ်။

ဒါကြောင့် ဗုဒ္ဓဟူးသားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်က အရေးကြီးတယ်။ စနစ်တကျ မေးခွန်းထုတ်တတ်သူ တွေးခေါ်တတ်သူတွေဖြစ်လို့ သူတို့တွေဟာ အတွေးအခေါ် ပညာရှင်တွေ ဖြစ်လာတတ်တယ်။ သူတို့က သူတို့ သိချင်တာကိုသာ ဇွတ်မေးတတ်တာ သူများပြောတာကိုတော့ သိပ်နားမထောင်ချင်ကြပါဘူးတဲ့။

ဗုဒ္ဓဟူး သားသမီးတွေက သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ခင်တွယ်တတ်သလို ညီအစ်ကို မောင်နှမတွေပေါ်မှာလည်း မေတ္တာထားကြပါသတဲ့။ ဒီအပြင် သူတို့ဟာ ဆက်ဆံရေး အလွန် ကောင်းကြသူတွေဖြစ်လို့ ဘယ်သူနဲ့မဆို မိတ်ဖွဲ့နိုင်ကြပါသတဲ့။ စကားပြော ကောင်းသူတွေဖြစ်ပြီး စကားလည်း အလွန်များပါတယ်။

လူတွေကို ယုံကြည်လာအောင် ဆွဲဆောင်သိမ်းသွင်းနိုင်အောင် ပြောတတ်ကြပါတယ်။ ဘယ်သူ့ကို ဘယ်လိုပြောလိုက်ရင် သူ့ဘက်ပါမလဲ ဆိုတာ ကောင်းကောင်းသိတယ်။

အဲဒါကြောင့် အလုပ်အကိုင်ရွေးမယ် ဆိုရင် အရောင်းသမားအလုပ်၊ ရှေ့နေအလုပ်တွေက သူတို့နဲ့ သင့်တော်ပါတယ်။ ဗုဒ္ဓဟူးသားတွေ အတွက် ကံကောင်းစေတဲ့ နံပါတ်က ၅ ဖြစ်ပါတယ်။

သင်္ချာ ၊ တွက်ချက်တာ ယုတ္တိဗေဒင်ဆန်ဆန် အတွေးအခေါ် စွမ်းရည် ပိုင်ဆိုင်သူတွေဖြစ်တာကြောင့် သိပ္ပံပညာတွေ လေ့လာလိုက်စားတဲ့နေရာမှာ အားသန်လေ့ ရှိတယ်။ စူးစမ်း ရှာဖွေတတ်တဲ့ ဗီဇကြောင့် ခရီးသွားရတာ၊ မတူညီတဲ့ အရပ်က လူတွေနဲ့ ထိတွေ့ဆက်ဆံရတာတွေကို ကြိုက်နှစ်တတ်ကြတယ်။

ဗုဒ္ဓဟူးနေ့သားတွေဟာ နဂိုကတည်းက ဆက်ဆံရေးကောင်းသူတွေဖြစ်လို့ အချစ်ရေးမှာ သိပ်အခက်အခဲမရှိကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ လွယ်လွယ်နဲ့ ခွင့်လွတ်တတ်ကြပါသတဲ့။ စိတ်ထဲမှာ အညိုးအတေး သိပ်မထားတတ်ကြပါဘူး။ စိတ်ကောက်လည်း ခဏပဲ။ ကျေအေးလွယ်တတ်လို့ ဗုဒ္ဓဟူးသားသမီးတွေက ပေါင်းသင်းလို့ ကောင်းတယ်။

ဒါမယ့် အမေးအမြန်း ထူတာရယ်၊ စကားများတာရယ်၊ နမောနမဲ့ နိုင်လွန်းတာကြောင့် တစ်ခါတစ်ရံ အိမ်ထောင်ရေးမှာ အဖုအထစ်တွေတော့ ရှိတတ်တယ်။

Sir Min Thein kha

Post a Comment

0 Comments