ထက်မြတ်တဲ့မိန်းကလေး ဖြစ်ချင်သူတိုင်း ဖတ်ရန်

ထက်မြတ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ချင်ရင်တော့ ငိုစရာ ရှိရင်တောင် ညမှာငိုပြီး မနက်အိပ်ရာ ထတာနဲ့ မေ့ပစ်ကာ ဘဝခရီးလမ်းကို အနိူင်မခံ အရူံးမပေးဘဲ ဆက်လျှောက်တယ်။ အားငယ် ဝမ်းနည်း နေရင်တောင် အခြားသူကို အပူမကူးစေဘဲ ဘာမှမဖြစ်သလို အောင်နိုင်တဲ့ အပြုံး ၊ ယုံကြည်မှု ရှိတဲ့ ကိုယ်ဟန်နဲ့ ရင်ထဲက အနာကို သေသပ်လှပစွာ ဖုံးကွယ် ထားတတ်တယ်။

ကိုယ့်အပေါ် မတရား လုပ်နေသူတွေကိုလည်း ပညာသားပါပါ တုန့်ပြန်တတ်ပြီး ဂုဏ်သိက္ခာကို အသက်ထက် မြတ်နိုးကာ အရှက်တရားကို လက်ကိုင်ထားတယ်။ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားပြီး ကိုယ့်အပေါ် စွန့်ပြစ်သွားသူကိုလည်း ဒူးမထောက်သလို ခယနေတတ်သူလည်း မဟုတ်ဘူး။

ယောကျ်ား တစ်ယောက်လောက်တော့ ခွန်အား မကြီးပေမယ့် ဉာဏ်ရှိပြီး လုပ်သင့်တာကို ချင့်ချိန်နိူင်ပြီး ကိုယ့်တန်ဖိုး အမြဲ တိုးတက်တက်နေအောင် အရည်အသွေးကို အမြဲတမ်း မြှင့်တင်နေသူဖြစ်တယ်။ လုပ်ငန်း အကြီးအသေးကအစ စီမံအုပ်ချုပ် နိုင်ပြီး လောကဓံ လှိုင်းတံပိုးကြားမှာ အပြုံးမပျက် မျက်နှာ မမဲ့ဘဲ ဘဝတစ်ခုကို လှပခမ်းနားအောင် တည်ဆောက်နိူင်သူဖြစ်တယ်။

အားငယ်စိတ် ရှိရင်တောင် လူသိမခံဘဲ ဘဝကို လက်တွေ့ကျကျ တည်ဆောက်နေပြီး တန်ဖိုးကြီးတဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတတ်တယ်။ ထက်မြက်မှုကြောင့် မိမိကိုယ်ကို ယုံကြည်မှု ပြင်းထန်သော်လည်း မာနထက် ဂုဏ်သိက္ခာကို တန်ဖိုးထားကာ နာမည်ကောင်း တစ်ခုကို မွေးမြူနေသူ ဖြစ်တယ်။

သမိုင်းမှာ အမည်းစက် မကျန်ရအောင် အလုပ်တစ်ခု လုပ်တိုင်း ဆွေမျိုးခုနှစ်ဆက်အထိ တွေးတော လုပ်ဆောင် တတ်သူ ဖြစ်တယ်။ အနေအထိုင် ရှင်းသန့် သပ်ရပ်သလို အနေတည်သော်လည်း စိတ်ဓာတ် မြင့်မားပြီး အနေဆင်းရဲ နေရင်တောင်မှ ဘဝ မြင့်မားနေသူ ဖြစ်တယ်။

အရိပ်ပြရင် အကောင်မြင်တတ်ပြီး မြင်တိုင်းမပြော သိတိုင်းမပြ ခန့်မှန်းရခက်ပြီး အားနည်းချက်တွေကို အခြားသူ သတိမထားမိအောင် ဟန်ဆောင်တတ်တယ်။ ထက်မြက်တဲ့ မိန်းကလေးတိုင်းသည် အိမ်ထောင်ပြုမယ် ဆိုရင်တောင် ယောကျ်ားတစ်ယောက်ကို အားကိုးဖို့ယူတာ မဟုတ်ဘဲ နှလုံးသား ဆန္ဒအရ သူမဘဝကို ပုံအပ်ခြင်းပါ။

လူတစ်ယောက်ဟာ ထက်မြက်လာလေလေ ထမ်းဆောင်ရတဲ့ တာဝန် ပိုကြီးလာပြီး ရင့်ကျက်လာလေလေပါ။

အမရာခင်

Post a Comment

0 Comments