မိန်းကလေးတစ်ယောက်မွေးတိုင်း သစ်ပင် ၁၁၁ ပင် စိုက်တဲ့ရွာ

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကလေးမွေးဖွားခြင်း အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ကြတဲ့ ထုံးတမ်း စဉ်လာရိုးရာပွဲတွေ ရှိပါတယ်။ အိန္ဒိယနိုင်ငံက သားမွေးတာကို ပိုပြီးသဘောကျ ကြပါတယ်။ ဒါမယ့် အိန္ဒိယနိုင်ငံက ရွာလေးတစ်ရွာဖြစ်တဲ့ Piplantri ဆိုတဲ့ ရွာလေးမှာတော့ သမီးမိန်းကလေး မွေးဖွားတဲ့အခါ အထိမ်းအမှတ် ပွဲလေးတစ်ပွဲ လုပ်ပါတယ်။

အဲဒီ ပွဲလေးက သမီးမိန်းကလေး မွေးဖွားခြင်းအတွက် အမှတ်တရ ဖြစ်စေတဲ့အပြင် ကမ္ဘာကြီးအတွက်လည်း ကောင်းကျိုးပြုပါတယ်။ Piplantri ရွာမှာ သမီးမိန်းကလေးတစ်ယောက် မွေးဖွားတိုင်း သစ်ပင် ၁၁၁ ပင် စိုက်တဲ့ အထိမ်းအမှတ်ပွဲလေးပါပဲ။

Piplantri ကို စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့ သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တာကို အကြောင်းပြုပြီး သစ်ပင်စိုက်တဲ့ အစဉ်အလာ ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။ အခုဆိုရင် ရွာမှာ သစ်ပင်ပေါင်း ၂ သိန်းခွဲကျော်ကို စိုက်ပျိုးပြီးသွားပါပြီ။ နောင်အနာဂတ်မှာတော့ ဒီရွာရဲ့ ပတ်ဝန်းကျင် မြို့ရွာတွေက သစ်ပင်တွေနဲ့ စိမ်းလန်းနေတော့မှာ အသေအချာပါပဲ။

Piplantriရွာမှာ နောက်ထပ် အစဉ်အလာတစ်ခုလည်း ရှိပါသေးတယ်။ သမီးမိန်းကလေးတွေ မွေးတဲ့အခါတိုင်း မိဘနဲ့ ရွာသူရွာသားတွေ စုပေါင်း ရလာတဲ့ငွေ အိန္ဒိယရူပီး ၃၁၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၀) ကို ဘဏ်မှာ အပ်ထားပေးပါတယ်။ နောင်အနှစ် ၂၀ ကြာတဲ့အခါ ရလာတဲ့ ငွေတိုးတွေက အဲဒီမိန်းကလေး အတွက်ပါပဲ။

ဘဏ်မှာအပ်ထားတဲ့ငွေ ရှိတာကြောင့် အဲဒီ မိန်းကလေးအတွက် မိဘတွေက ငွေကြေးနဲ့ ပတ်သက်ပြီး ပူပင်စရာ နည်းသွားပါတယ်။ မင်္ဂလာဆောင်တဲ့အခါမှာလည်း သတို့သမီးဘက်က သတို့သားဘက်ကို ပေးရတဲ့အခါ စိတ်ပူစရာ အတော်အသင့် နည်းသွားစေပါတယ်။

မိဘတွေက သူတို့ရဲ့ သမီးဖြစ်သူကို လက်ထပ်ဖို့ အရွယ်ရောက်ရင် တစ်ကြိမ်တစ်ခါသာ လက်ထပ်ပေးမည်ဖြစ်ကြောင်း၊ သင့်တော်တဲ့ ပညာအရည်အချင်းကို သင်ကြားပေးမည် ဖြစ်ကြောင်းကိုလည်း ကျမ်းကျိန်ရပါသေးတယ်။ အဲဒီမိန်းကလေးကို မွေးပြီးနောက် စိုက်ထားတဲ့ သစ်ပင်တွေကိုလည်း ပြုစုပေးရပါတယ်။

ဒီရွာရဲ့ အစဉ်အလာတွေက မိန်းကလေးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပြီးသား ဖြစ်စေပြီး တိုးပွားလာတဲ့ လူဦးရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးလည်း ဖြစ်စေပါတယ်။

စိုက်ထားတဲ့ သစ်ပင်တွေကို ခြအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ရှားစောင်းလက်ပတ်တွေ ကိုလည်း စိုက်ထားပါသေးတယ်။ ရှားစောင်းလက်ပတ်ကနေ ထုတ်ကုန်များစွာ ပြုလုပ်နိုင်တာကြောင့် ရွာသားတွေအတွက် ဝင်ငွေဖန်တီးပြီးသားလည်း ဖြစ်စေပါတယ်။ Piplantri ရွာက အစဉ်အလာကောင်းလေးတွေက ဘဝပေါင်းများစွာကို အကျိုးရှိသွားစေပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments