ဒေါသကြီးသောမြွေ

( ၁ မိနစ်လောက်ပဲ အချိန်ပေးပီး ဖတ်ပေးပါ )

တခါတုန်းက မြွေဟောက် တကောင်ဟာ လက်သမား တယောက်ရဲ့ အိမ်ထဲကို တိုးဝင်လာတယ် ။ အဲ့ဒီမှာ မြွေက လွှတလက်ပေါ် ဖြတ်ကျော် လိုက်တော့ သူ့ကိုယ်မှာ ဒဏ်ရာ အနည်းငယ် ရသွားတယ် ။ အာ့နဲ့မြွေက ချက်ခြင်းလှည့်ပြီး လွှကို ဒေါသတကြီး ပေါက်ချလိုက်တာ မြွေပါးစပ်မှာ ဒဏ်ရာရသွားပြန်တယ် ။

လွှက သူ့ကို ပြန်လုပ်တယ်လို့ ထင်ပြီး ဒေါသပြင်းပြင်းနဲ့ လွှကို သူ့ခန္ဓာကိုယ်နဲ့ အခိုင်အမာ ကျစ်နေအောင် ရစ်ပတ်လိုက်ပြီး ဖြစ်ညှစ်ချလိုက်တာ မြွေရဲ့ ခန္ဓာကိုယ်ဟာ ခပ်မြန်မြန်ပဲ အပိုင်းပိုင်း ပြတ်ထွက်သွားတယ် ။

တခါတလေမှာ ကျနော်တို့ဟာ အခန့်မသင့်လို့ ထိခိုက် နာကျင်စရာ ကြုံလာရင် သူတပါးကြောင့်လို့ ထင်ပြီး ပြန်ရန်လုပ် တတ်ကြတယ် ။ အဲဒီမှာ ပိုဆိုးတဲ့ နာကျင်မှုတွေကို ပြန်ခံရတတ်ပါတယ် ။ မြွေလေးကိုသာ နမူနာယူကြပါ သယ်ရင်းတို့..

--------

ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လို အစားထိုးမလဲ

တခါတလေ စိတ်အလိုမကျတဲ့အခါ ဒေါသထွက်တတ် ကြပါတယ် ။ အဲဒီ ဒေါသကြောင့် မပြောသင့်တာတွေ ပြောမိတတ်သလို အရင်က ဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ ၊ ရန်သူတွေလိုလည်း မုန်းသွား တတ်ကြပါတယ် ။

ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ ၊ သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့ ဝေဒနာ တွေလည်း ဖြစ်တတ် ပါသေးတယ် ။ ဒါကြောင့် ဒေါသ ထွက်တဲ့ အခါ ချစ်ခြင်း မေတ္တာနဲ့ အစားထိုး နိုင်ဖို့ ဒီအဆင့်လေးတွေကို လိုက်နာ သင့်ပါတယ် ။

အဆင့် (၁)

ဒေါသထွက်တဲ့အခါ ' ငါဘာကြောင့် စိတ်တိုရတာလဲ ' ဆိုတာကို အရင်ဆုံး စဉ်းစားလိုက်ပါ ။ စိတ်တိုရတဲ့ အကြောင်းရင်းက တကယ်ပဲ အရေးပါလို့လား ၊ လူတယောက် ပြောစကား တခွန်းကြောင့် စိတ်တိုရတာလား၊ တခုခု လုပ်ခဲ့လို့ စိတ်တိုတာလား.. ဘယ်သူ့ကို ဒေါသထွက်တာလဲ ၊ ဘာကြောင့် ဒေါသထွက်တာလဲ ၊ ဒီအခြေအနေ ဖြစ်အောင် ဘယ်သူက ဖန်တီးခဲ့တာလဲ ဆိုတာသေချာ စဉ်းစားပါ။

အဆင့် (၂)

ဒေါသ ထွက်စေတဲ့ အခြေအနေကို သင်ကိုယ်တိုင်က ဖန်တီးခဲ့တယ် ဆိုရင် ဒီအခြေအနေမျိုး ထပ်မံ မဖြစ်စေဖို့ သင်ခန်းစာ ရယူပြီး ဒေါသကို လျှော့လိုက်ပါ။ တခြားသူက ဖန်တီးခဲ့တယ်ဆိုရင် အဲဒီလူကို တတ်နိုင်သမျှ ညှိနှိုင်းကြည့်ပါ။

အဆင့် (၃)

တခါတရံ ကိုယ်ချစ်ခင်တဲ့ သူတွေကို မမှားစေချင်တဲ့စိတ် ၊ မေတ္တာပိုတဲ့ စိတ်တွေနဲ့ ကရုဏာ ဒေါသထွက်ရတဲ့ အချိန်တွေ ရှိတတ်ပါတယ် ။ အဲဒီအခါ ဒေါသထွက်လာရင် ဒေါသကြောင့် စေတနာကနေ ဝေဒနာ ပြောင်းမသွားစေဖို့ ချစ်ခြင်း မေတ္တာနဲ့ အစားထိုး သင့်ပါတယ် ။ ကြင်ကြင်နာနာ ၊ ချစ်ချစ်ခင်ခင်နဲ့ နားလည်အောင် ပြောပြလိုက်ပါ ။

အဆင့် (၄)

ဒေါသထွက်တဲ့ အခါမှာ အခြေအနေ အရပ်ရပ်ကို အရင်ဆုံး သုံးသပ်ကြည့်လိုက်ပါ ။ ဘယ်သူကမှ ကိုယ့်ကို နာကျင်အောင် ၊ စိတ်ညစ်အောင် မလုပ်နိုင်ဘူးလို့ တွေးလိုက်ပါ ။ ဒါဆိုရင် ဒေါသတွေ အလိုလို ပြေလျော့လာပြီး စိတ်ခံစားမှု ပိုကောင်း လာပါလိမ့်မယ် ။

အဆင့် (၅)

ဒေါသကို ထိန်းချုပ်ရတာ ခက်ခဲပါတယ် ။ ဒေါသကို မမျိုချသင့်တာလည်း အမှန်ပါ ။ ဒေါသထွက်လာတဲ့ အခါ သင် ခံစားရတဲ့ ဒေါသကြောင့် သင်ကိုယ်တိုင်နဲ့ သင့် ဝန်းကျင်က လူတွေ မထိခိုက်အောင် ၊ အနာတရ မဖြစ်အောင် အထူးသတိထား သင့်ပါတယ် ။ ဒေါသက ခဏတာ ဖြစ်ပေမယ့် ဒေါသကြီးတာကို မထိန်းနိုင်လို့ မှားခဲ့ရင် တဘဝစာ နောင်တရသွား နိုင်တာကြောင့်ပါ။

Crd

Post a Comment

0 Comments