3.9.2020 မှ 9.9.2020 အထိ ၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေ

ယခုကာလအတွင်း အတိုက်အခံ အခက်အခဲ အချို့ရှိနေသော်လည်း ကံကောင်းကြီပွား တိုးတတ်မှုများ ရယူပိုင်ဆိုင်ခွင့် ရရှိမည်။ စီးပွားရှာဖွေမှု၌ အခွင့်အရေးကောင်းများ ရရှိပါလိမ့်မည်။ မထင်မှတ်ဘဲ ငွေကြေးအများအပြား ရရှိတတ်ပြီး လုပ်ငန်းတွင် အကျိုးအမြတ်ကောင်းများ ရယူပိုင်ဆိုင်ခွင့် ရရှိမည်။ မတော်တဆ အသေးအဖွဲ့ ထိခိုက် ဒဏ်ရာရမှုများ တွေ့ကြုံရတတ်ပါသည်။

လူမှုရေးပဋိပက္ခများ ကြုံတွေ့ရတတ်သည်။ အခက်အခဲ အသင့်အတင့် ရှိနိုင် ပါသော်လည်း များသောအားဖြင့် အဆင်ပြေမည့်ဘက်သို့ ဦးတည်နေပါသေးတယ်။ အလုပ်အကိုင် တိုးတက် အောင်မြင်ခြင်း, ငွေကြေးစီးပွား မြတ်စွန်းခြင်းများ ထင်ထင်ရှားရှားဖြစ်လာမည်။ သို့ရာတွင် သောကနှင့်ယှဉ်၍ လုပ်ဆောင် နေတတ်၏။ မိတ်ကောင်းဆွေကောင်းများ တိုးပွားခြင်း၊ အကူအညီကောင်းများ ရခြင်းတို့ ဖြစ်မည်။

ကျန်းမာရေးကတော့ ကိုယ်ခံအားကောင်းနေတာတွေ့ရပါတယ်။ တော်ရုံရောဂါလောက်တော့ ဆေးမြီးတိုလောက်နဲ့တင် သက်သာနိုင်ပါတယ်။  ပညာသင်ကြားနေသူများ အဖက်ဖက်မှ အောင်မြင်မှုများ ဆီးကြိုနေမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးကိစ္စများ၌ နားလည်မှုလွဲချော် နေချိန်ပါပဲ။ ချစ်သူတွေ စိတ်ကူးဆန္ဒ လက်တွေ့ကျ၍ သံယောဇဉ် ကြိုးခိုင်မြဲနေမည်။ ချစ်သူ မရှိသေးသူများ စန်းအားကောင်းနေချိန်မို့ ချစ်ရသူကိုချစ်လာအောင်ကြိုးစားသင့်တဲ့  ကာလပါပဲ။

အကျိုးပေးဂဏန်း  ၁/ ၂/ ၈

အထူးဟော  အဆင်ပြေမှုတွေ ကြုံရတတ်ပါတယ်။

ယတြာ   ခရမ်းသီးဟင်းချက်ပြီး ဘုရားရှင်အားဆွမ်းကပ်လှူပါ။

တနင်္လာ

စိတ်ပင်ပန်းမှုများအကြား ငြီးငွေ့စိတ်ပျက်သော စိတ်ဓါတ်ပြိုလဲမှုများအတွက် စိတ်ဓါတ်ကြံ့ခိုင်ရန် လိုအပ် သည်။ မိမိဆောင်ရွက် ကြိုးပမ်းမှုများတွင် ခင်မှုရင်းနှီးသူများ၏ အတိုက်အခံပြုခြင်း ခံရတတ်သည်။ ကျန်းမာရေးအညံ့နှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ခွဲစိတ်မှုများ ခံယူရတတ်သော ကာလဖြစ်သည်။ မိမိကြံစည်ဆုံးဖြတ် သုံးသပ်ချက်များ လွဲချော်မှားယွင်း နေတတ်ပြီး လုပ်ငန်းပိုင်း ဆုံးရှုံးပျက်စီးမှုများ ရင်ဆိုင်ရတတ်သည်။

လူမှုရေး ထိုးနှက်မှုများအောက် မိမိဂုဏ်သတင်းပိုင်း ထိခိုက်ကျဆင်းတတ်သည်။ လုပ်ငန်းရှင်များ လူမှုရေး ပြဿနာများကြောင့် လုပ်ငန်းပိုင်း ကြီးမားသည့် ဆုံးရှုံးမှုများ တွေ့ကြုံနိုင်သည်။ သူတပါးအပေါ် မိမိ၏ ကတိသစ္စာပေးထားမှုများအတိုင်း ဆောင်ရွက်ရန် အခက်အခဲဖြစ်ခြင်းမျိုး ကြုံတွေ့ရတတ်၏။ ပညာသင်ကြားနေသူများ ပညာရေးတွင် စိတ်ဝင်စားမှု အားနည်းမှုကြောင့် ရည်မှန်းချက်များ လွဲချော်မည်။

အိမ်ထောင်ရှင်များ အိမ်တွင်းရေး အခက်အခဲများကြောင့် သောကများရမည်။ ချစ်သူနှင့် ငွေကြေးပိုင်းဆိုင်ရာ ပဋိပက္ခပြဿနာများ တွေ့ကြုံချိန် ဖြစ်သည်။ အရာရာ အခက်အခဲများနေချိန် ဖြစ်ပါ၍ ဘာသာရေးနှင့် ကုသိုလ်ကောင်းမှုများကို များများပြုလုပ်နိုင်မှ အခက်အခဲများ အေးချမ်းသွားမည် ဖြစ်ပါသည်။  

အကျိုးပေးဂဏန်း  ၃ /၅ /၉

အထူးဟော  တရားနဲ့နေပါ။ လောဘမကြီးပါနှင့်။

ယတြာ    စံပယ်ပန်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။

အင်္ဂါ

ကောင်းမွန်သော ကံကြမ္မာက သင့်အားဆက်လက်ပြီး အခွင့်အရေးသစ်များ ဖန်တီး ပေးနေမည်။ ငွေကြေး အကျိုးပေးကံ အထူးကောင်းမွန်ပြီး ထီဆုကြီးများ ပေါက်တတ်ချိန်ဖြစ်၍ စနေသားသမီးနှင့် ထီစပ်ထိုးထားသင့်ပါ တယ်။ အလုပ်အတွက်အခွင့်အလမ်းကောင်းများ စောင့်ကြိုနေမည်။ စီးပွားတိုးတတ်ဖြစ်ထွန်းမှု အရှိန်အဝါတိုးတတ်မှု ကောင်းချိန် ဖြစ်ပါသည်။ သို့သော် မိမိကံကောင်း၍ အခွင့်ကောင်းများ ကြုံတွေ့စေကာမူ မိမိ၏ စိတ်မရှည်ဒေါသကြောင့် ဆုံးရှုံးနစ်နာရကိန်း ရှိ၏။ ဒေါသကြီးသူများ အထူးသည်းခံတတ်ပါစေ။

အလုပ်အကိုင်များ အောင်မြင်ဖြစ်ထွန်းခြင်း ဖြစ်မည်။ ငွေကြေး ဆုံးရှုံးနစ်နာကိန်းတော့ ရှိသဖြင့် ရင်းနှီးမြုပ်နှံမှုတွေမှာ စီစစ်သုံးစွဲပါ။ မိမိအိမ်တွင် နေထိုင် မကောင်းသူရှိပါက ပိုဂရုစိုက် ကုသပါ။ ရောဂါ သည်းလာတတ်၏။ လုပ်ငန်းရှင်များ ကြိုးစားသလောက် အရာထင် မည်။ ပညာသင်ကြားနေသူများ အပြိုင်အဆိုင်များအပေါ်တွင် အနိုင်ရရှိတတ်ချိန် ဖြစ်ပါသည်။

အိမ်ထောင်ရှင်များ ကောင်းသော အလှူ၊မင်္ဂလာခရီးများ သွားလာရပြီး လှပသော မိသားစုဘဝကို ဖန်တီးခွင့်ရမည်။ အချစ်ရေးကံ မြင့်မားပြီး ငြိမ်းချမ်းသော ရွှေရောင် နေ့ရက်များဆီ ခရီးဆက်ရွက်လွှင့်နိုင်မည်။  မိမိရဲ့ကျန်းမာရေးကတော့ အညံ့အဆိုး အတော့်ကို နည်းပါတယ်။ ကျန်းမာရေး သိသိသာသာကောင်းမွန် တိုးတတ်လာနိုင်ဖွယ်ရှိနေပါတယ်။

အကျိုးပေးဂဏန်း  ၃/ ၆/ ၄

အထူးဟော  ကံအညံ့လေးတွေ ရှိပေမယ့် အကောင်းများပါတယ်။

ယတြာ    သီဟိုစေ့လှော် ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး/ ရာဟု

လုပ်ငန်းခွင်တွင် အသုံးပြုနေသော ပစ္စည်းများ ရောင်းချဖြစ်မည်။ ရောင်းခြင်း၊ ဝယ်ခြင်းအလုပ်၌ စိတ်ဝင် စားနေမည်။ ခရီးသွား၍ လုပ်သောအလုပ်များ မိမိအရင်းပါ မြုပ်နေမည်။ အလုပ်လျှောက်ထားသူများ မိမိလုပ်ချင် သော ဋ္ဌာန၊ ရုံးတို့၌ အလုပ်ရလိမ့်မည်။ ယာဉ်၊ ကားကိစ္စ၌ အရှုံးပေါ်နိုင်ပါသည်။ ကားရောင်းခြင်း၊ဝယ်ခြင်း မလုပ်သင့်တဲ့ ကာလပါပဲ။ အနုပညာလုပ်ငန်းများ နှေးကွေးနေမည်။

အိမ်ထောင်ရေးတွင် ညားခါစ ဇနီးမောင်နှံကဲ့သို့ အလွန် ချစ်ခင်မြတ်နိုးမည်။ ဒါပေမယ့် အိမ်ထောင်သည် အမျိုးသားများ အသောက်အစားနှင့် အပျော်အပါး လွန်ကဲမှု ကြောင့် စကားများရလိမ့်မည်။ ပညာရေးတွင်တော့ စိတ်ဝင်စားဖွယ် ပညာရပ်များကို သင်ယူဖြစ်မည်။ ဆောက်လုပ် ရေး၊ စက်ပစ္စည်း၊ အနုပညာနှင့်ဆိုင်သော ပညာရပ်များ ဖြစ်မည်။ ခရီးဝေးသွားခြင်း မကောင်းသေးပါ၊ ခရီးစဉ်များ မသွားဖြစ်ခြင်း၊ ပျက်သွားခြင်းလဲ ဖြစ်တတ်၏။

အချစ်ရေးမှာ အေးနေပါသည်။ ဖူးစာရေးနတ်၏ မေ့လျော့မှုကို ခံရမည်။ ချစ်သူရှိပြီး သူများလည်း သွေးအေးပြီး ဝေးနေရတတ်သည်။ ကြီးသူများ၏ မြတ်နိုးမှု (သို့) နှောက်ယှက်မှုများကို ခံရတတ်သည်။ ကျန်းမာရေးတွင် အစာမကြေ၊ လေထိုး၊ လေအောင့် ကြုံမည်။ ရေချိုးမှား၊ ဝမ်းချုပ်များမှုကြောင့် ရောဂါဝေဒနာများ တိုးပြီး ခံစားရတတ်သည်။ 

အကျိုးပေးဂဏန်း  ၅/ ၇/ ဝ

အထူးဟော  စီးပွားရေးလာဘ်မြင်သူများသာ အထူးအဆင်ပြေမည်။

ယတြာ   ပဲပလာတာတစ်ချပ် ဘုရားကပ်လှူပါ

ကြာသပတေး

ဒီကာလမှာ ယာဉ်၊ ကားနှင့် ဆိုင်သော လုပ်ငန်းများ ခက်ခဲစွာ ပြုလုပ်နေရမည်။ အခုရက်ပိုင်းအတွင်း ခရီးထွက်လျှင် လွယ်ကူစွာ သွားဖြစ်၍ အောင်မြင်မည်။ ဘာလုပ်လုပ် မိမိကိုယ်တိုင်က စိတ်တိုင်းမကျ အားမလိုအားမရ ဖြစ်နေလိမ့်မည်။ သို့သော် စိတ်ရှည်စွာ နားလည်မှု ထားပါ။ မမျှော်လင့်ထားသော ကံကောင်းခြင်း (သို့) ကံဆိုးခြင်း လောကဓံ များဖြစ်လာမည်။ ကြီးသူများ၏ နေရာပေး လေးစားမှုကို ခံရမည်။ အတိုက်အခံများ၏ ကြား၌ အောင်ပွဲခံနေ ရမည်။

ငွေများရရှိသော်လည်း ကုန်ကျမှုများ ပိုမိုများနေမည်။ ငွေကြေး အာမခံခြင်း လုံးဝရှောင်သင့်တဲ့နေ့ပါ။  ငွေလာ ချေးရင် စကားလှအောင်ပြောပြီး ငြင်းလိုက်ပါ။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ ဂုဏ်သတင်း ကျော် ကြားနေ မည်။ ပညာရေးတွင် အလုပ် မအားလပ်သည့်ကြားမှ ပညာရေးများကို လေ့လာလိုက်စားဖြစ်မည်။ ဆရာကောင်းများ ရရှိမည်။ အလုပ်နှင့်ပတ်သက်၍ အထောက်အကူ ပြုပြီး ငွေပိုစုနိုင်သည့် ပညာရပ်များကို လေ့လာဖြစ်မည်။

အချစ်ရေးတွင် အချိန်ကြာမြင့်စွာ ချစ်ခဲ့သော ချစ်ရသူနှင့် တစ်နယ်စီ ဝေးနေရမည်။ လွမ်းရေထက် ဝမ်းရေးက ခက်နေမည်။ ကျန်းမာရေးတွင် အမျိုးသမီးများ မီးယပ်ငုတ်၊ မီးယပ်ချမ်းများ ဖြစ်ပေါ်မည်။ အစာမှား၊ ဆေးစားမှားမည်။ မျက်ရိုး ကိုက်၊ ဇာတ်ကြောတတ်ရောဂါများလည်း ရရှိနိုင်ပါသည်။ 

အကျိုးပေးဂဏန်း ၁/ ၆/ ၂

အထူးဟော  ငွေကြေးကိစ္စများ သတိနဲ့ ဆောင်ရွက်ပါ။

ယတြာ    အသုပ်စုံတစ်ပွဲ မိတ်ဆွေတစ်ဦးကိုဝယ်ကျွေးလိုက်ပါ။

သောကြာ

စီးပွားရေးတွင် စွန့်စားရသော အရောင်းအဝယ်ကိစ္စများ မပြုရန် လိုအပ်ပါသည်။ ရောင်းမှားဝယ်မှား တွေ့ကြုံမည်။ လက်ဝတ်ရတနာများ၊ ယာဉ်ကားများနှင့် ပတ်သက်၍ ကောင်းကျိုးရရှိမည်။ မိမိ၏ အတတ်ပညာနှင့် မိတ်ဆွေကောင်းများ ပေါင်းဖက်၍ စီးပွားရေးများစွာ တိုးတတ်လာမည်။ နှုတ်မလွန်မိစေရန် သတိပြုသင့်ပါသည်။

အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ မတုန်မလှုပ်နှင့် လုပ်ချင်ရာ လုပ်နေသမျှကို သည်းခံနေဖြစ်မည်။ သည်းမခံနိုင်လျှင် ရန်ဖြစ်နေရလိမ့်မည်။ အိမ်ထောင်ဖက်အတွက် ငွေကုန်များမည်။ သူ၏ ကျန်းမာရေးကို ဂရုစိုက်ပြုပြင်နေရ လိမ့်မည်။ ပညာရေးတွင် ဆရာကောင်းဖြင့် ပညာရပ်များကို သင်ယူဖြစ်မည်။ ဘာသာခြားစကားပြော သင်ယူမှုများ လွယ်ကူစွာတက်မြောက်မည်။ နိုင်ငံရပ်ခြားတွင် ပညာသင်ယူရန် ပြင်ဆင်ပြီးမှ ရက်နောက်ရွှေ့ရ တတ်သည်။

အချစ်ရေးတွင် ပျော်ရွှင်လှပသော အချစ်တစ်ခုကို နွေးထွေးစွာရရှိမည်။ လူကြီးတစ်ဦး၏ စောင့်ရှောက်မှုကို ခံရ သကဲ့သို့ အရာရာတည်ငြိမ် သာယာလှပနေပါမည်။ ကျန်းမာရေးတွင် အလွန်နှလုံးတုန်၊ မောပန်းခြင်းများ ကြုံတွေ့ရ မည်။ ကိုယ်ဝန်လွယ် ထားရသူများ ဖြစ်နေလျှင် အသွားအလာ ဆင်ခြင်ပါ။ အလေးအပင် မလိုက်တာမျိုး လုံးဝမလုပ် ပါနဲ့။ ရောဂါပိုးမွှား မကူးစက်စေရန် သတိပြုသင့်သည်။

အကျိုးပေးဂဏန်း ၂ /၉/ ၇

အထူးဟော   ကျန်းမာရေးတွင် ရောဂါအခံရှိသူများ သတိထားသင့်တဲ့ ကာလပါ။

ယတြာ     ဒိန်ချဉ်တစ်ခွက် ဘုရားကပ်လှူပါ။

စနေ

ယခုကာလတွင် ခက်ခဲပင်ပန်းစွာ ကျန်းမာရေးညံ့သည်အထိ အလုပ်လုပ်ဖြစ်မည်။ လုပ်သမျှ သဲရေသွန်ဖြစ်ရ တတ်သည်။ ပေါ့ပါးစွာ သာမာန်လုပ်သော အလုပ်မှ ထိုက်ထိုက်တန်တန် ငွေများရရှိမည်။ ရှယ်ယာများ၊ အကျိုးဆောင်လုပ်ငန်းနှင့် ပါးစပ်ဖြင့် ကူညီမှုကြောင့် ငွေများရလိမ့်မည်။ မိမိပညာကို ထိုက်တန်စွာ အသုံးချဖြစ်မည်။ ကိုယ်က ရိုးရိုးကလေး လုပ်လိုက်သောအလုပ်သည် တစ်ဖက်လူအတွက် အလွန်ကြီးမားသော အလုပ်ဖြစ်နေလိမ့် မည်။

ရန်သဘောဆောင်သော ပြဿနာများ ကြုံတွေ့ရတတ်၏။ ကောင်းနေရာမှ မမျှော်လင့်ပဲ အခြေအနေဆိုးခြင်း ဖြစ်တတ်ရာ ပြင်ပြင်ဆင်ဆင် လုပ်ဆောင်မှ အဆင်ပြေမည်။ ငွေမစုမိပဲ ကုန်စရာကိစ္စများ ပေါ်ပေါက်နေမည်။ စက်ပစ္စည်း ကောင်းများဝင်ခြင်း, ခရီးစဉ် ကောင်းများပေါ်ခြင်း ဖြစ်ကိန်းရှိ၏။  အိမ်ထောင်ရေးတွင် ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေး ဖြစ်မည်။ အစစ အလိုလိုက်ခြင်း ခံရတတ်သည်။

ပညာရေးတွင် ကိုယ်တိုင်၊ ကိုယ်ကျ၊ ကိုယ်နည်း၊ ကိုယ့်ဟန်ဖြင့် လေ့လာသင်ယူဖြစ်မည်။ နိုင်ငံခြားဘာသာစကား သင်ယူရန် အခွင့်သာသော်လည်း ရက်ရွေ့နေရမည်။ အချစ်ရေးတွင် ချစ်ရသူကို ရင်ဖွင့်ရခက်နေမည်။ ချစ်သူစုံတွဲများချစ်သူနှင့် အဆက်အသွယ် ပြတ်နေမည်။ ကျန်းမာရေး တွင် အာရုံကြောအားနဲခြင်း၊ အရေပြား, လက်, ဒူး တို့၌ ဥပါဒ်ပေါ်ခြင်း ဖြစ်တတ်၏။

အကျိုးပေးဂဏန်း ၁/ ၃/ ၇

အထူးဟော  လွယ်နေတာကို ခက်အောင် မလုပ်မိပါစေနှင့်။

ယတြာ     အုန်းဆီတစ်ဘူး မိတ်ဆွေတစ်ဦးကို လက်ဆောင်ပေးပါ။

၇ ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)