သင်က ခဏခဏ ပင်ပန်းနွမ်းနယ်ရင်၊ ကြွက်ခဏခဏ တက်ရင် ခန္ဓါကိုယ်ထဲမှာ မဂ္ဂနီဆီယမ် ချို့တဲ့တာဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ရဲ့လုပ်ငန်းတချို့က မဂ္ဂနီဆမ်အပေါ် မှီတည်နေတာကြောင့် မဂ္ဂနီဆီယမ်ချို့တဲ့ရင် ပြင်းထန်တဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ခန္ဓါကိုယ်မှာ မဂ္ဂနီဆီယမ်ချို့တဲ့လာရင် ဒီလိုလက္ခဏာတွေ ပြလာတတ်ပါတယ်။

၁။ အချိုများသော အစားအစာများ စားလိုခြင်း

ချိုတဲ့ အစားအစာတွေကိုပဲ ခဏခဏစားချင်နေရင် မဂ္ဂနီဆီယမ် လိုအပ်နေလို့ပါ။ အမျိုးသမီးတွေက ဓမ္မတာလာတဲ့အခါမှာ မဂ္ဂနီဆီယမ် နည်းသွားတတ်ပါတယ်။ အားကစားသမားတွေက လေ့ကျင့်ခန်းတွေ ပြုလုပ်ရာမှာ ခန္ဓါကိုယ်က မဂ္ဂနီဆီယမ်ကို အသုံးပြုရပါတယ်။

၂။ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း

မဂ္ဂနီဆီယမ်၊ ဗီတာမင် D, E နဲ့ B တို့က ကြွက်တက်ခြင်းကို ကာကွယ်ပေးပါတယ်။ ခဏခဏ ကြွက်သားတွေ နာတာ၊ ကြွက်တက်တာ ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၃။ အိပ်မပျော်ခြင်း

ဦးနှောက် အနားယူဖို့အတွက် မဂ္ဂနီဆီယမ်က လိုအပ်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ် မလုံလောက်တဲ့အခါ ညဖက်ဆိုရင် ခြေထောက်တုန်လာတတ်ပါတယ်။ အဲဒီကနေ ညဘက် အိပ်မပျော်တာ ဖြစ်လာရတာပါ။

၄။ အရိုး

မဂ္ဂနီဆီယမ်နည်းနေတဲ့အခါ အရိုးပြဿနာတွေလည်း ဖြစ်လာစေပါတယ်။ မဂ္ဂနီဆီယမ် ချို့တဲ့လာခြင်းက သွေးထဲက ကယ်လ်ဆီယမ်တွေကို လျှော့ချလိုက်ပါတယ်။ ကယ်လ်ဆီယမ်က ကျန်းမာတဲ့အရိုးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

၅။ ရင်ပူခြင်း

မဂ္ဂနီဆီယန် ချို့တဲ့လာတဲ့အခါ အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲ ပြန်ရောက်သွားပြီး ရင်ပူလာစေပါတယ်။

၆။ စိတ်ဖိစီးခြင်း

အာရုံကြောစနစ်အတွက် မဂ္ဂနီဆီယမ်က လိုအပ်ပါတယ်။ အဲဒါကြောင့် ခန္ဓါကိုယ်ထဲ မဂ္ဂနီဆီယမ် ချို့တဲ့လာရင် စိုးရိမ်သောကများတာ၊ စိတ်ဖိစီးတာတွေ ဖြစ်လာပါတယ်။

၇။ ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ မဂ္ဂနီဆီယမ် လျော့ပါးလာတဲ့ အခါမှာလည်း အူတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ ဝမ်းချုပ်လာပါတယ်။

၈။ မောပန်းနွမ်းနယ်ခြင်း

ခန္ဓါကိုယ်မှာ မဂ္ဂနီဆီယမ် မရှိရင် မောပန်းတာ၊ အားကုန်တာ၊ မလှုပ်ချင်တာတွေ ဖြစ်လာပါတယ်။

၉။ မကြာခဏ ခေါင်းကိုက်ခြင်း

ဗီတာမင် A, B, C, D ချို့တဲ့ရင် ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်းဆိုတာ ဖြစ်လာပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ် ချို့တဲ့ရင်လည်း ခေါင်းတစ်ခြမ်းကိုက်တာ၊ မကြာခဏ ခေါင်းကိုက်တာ ဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ် မြင့်မားသော အစားအစာများ

- အစေ့အဆံများ

- နှံစားအသီးအနှံများ

- ပဲအမျိုးမျိုး

- လတ်ဆတ်သော သစ်သီးများ

- အစိမ်းရောင် အသီးအနှံများ

- ငါး

Zombie (Lovemedia)