"ညီမကိုယ်က ဘာအနံ့မှ မထွက်ဘူးနော်.."

ဒီစကားမျိုးက လူကြီးလူကောင်း မဆန်မှန်း သူ သိပေမယ့် ရုတ်တရက် လွှတ်ခနဲ ပါးစပ်ကထွက်သွားသည်။ အနံ့များနှင့် ပတ်သတ်လျှင် သူက အတန်ငယ် ခံစားလွယ်သူ (သို့မဟုတ်) ခံစားတတ်သူ ဖြစ်ပါသည်။

သူ့စကားကို ရိုစီက ပြုံး၏။ အတန်ငယ်မောနေဟန်ဖြင့် သူ့ကို စကားပြန်မပြောသေးဘဲ နှဖူးပြင် ဖြူဖြူလေးပေါ်မှ ချွေးစက်တို့ကို လက်ဖြင့်သပ်ချရင်း ရေဗူးကိုဖွင့်၍ မော့သောက်နေသည်။ ရေကိုမြိုချနေသော ရိုစီ၏ လည်တိုင်လေးများ လှုပ်ရှားလူးလွန့်နေပုံကိုကြည့်ရင်း ဒီအမျိုးသမီးက ဘာလေးပဲလုပ်လုပ် သိပ်လှတာပဲဟု သူတွေးနေမိသည်။

"အဲဒါကြောင့်လည်း ရိုစီရဲ့ အပေါ်ထပ် အင်္ကျီကို ဆရာ ခေါင်းပေါ် ဆောင်းဖို့ လွယ်လွယ်ကူကူ ပေးလိုက်ရဲတာပေါ့.. ရိုစီက ဘယ်လောက်ချွေးထွက်ထွက် မနံဘူး ဆရာရဲ့."

လေတစ်ချက် ခပ်ကြမ်းကြမ်းလေး ဝေ့သွားသည်။ သူ့ခေါင်းပေါ်တွင် ပတ်ထားသော ရိုစီ့ အင်္ကျီစလေး လွင့်သွားမည် စိုးသောကြောင့် သူ့ လက်တစ်ဖက်ဖြင့် ဖိထားလိုက်၏။ နေပူပူ တောင်တက်ခရီးမှာ လေလေးတစ်ချက် တိုက်ခတ်သောကြောင့် အတန်ငယ်တော့ အမောပြေသွားပါသည်။

ရိုစီက ဆောင်းထားသော ဦးထုတ်ကိုဖယ်ကာ ခေါင်းကို လက်ဖြင့်ဖွပြီးဆံပင်များကို လေမှာ ဝဲခါသည်။ ရှည်လျားသော ရိုစီ့ဆံနွယ်စ တစ်ချို့ သူ့မျက်နှာကို လာထိ၏။ အမွှေးနံ့တစ်မျိုး ရိုစီ့ဆံပင်ဖျားကနေ သူ့နှာခေါင်းဆီ ကူးလာပါသည်။ ရီဝေဝေ ထိုရနံ့သည် သူ့စိတ်ကိုပါ ရီဝေစေပါတကား...

" ကဲ.. ခပ်သွက်သွက် သွားစို့ ဆရာ .. ဆာဗေး ဆင်းရမယ့် ရွာရောက်ဖို့ တော်တော် လိုသေးတယ်.. ဆရာက ခုမှ ဒီဌာနကို ပြောင်းလာပြီး အကျင့်မရှိသေးလို့သာ ရိုစီက ဆရာ့ကို ညှာပြီး အတူတူလျှောက်ပေးနေတာ..လာ ရိုစီ့လက်ကိုတွဲ .. ဒီ တောင်တက် တောင်ဆင်းလမ်းတွေကို ရိုစီက ကျွမ်းနေပြီ.."

ကမ်းပေးသော ရိုစီ့လက်ကို သူလှမ်းကိုင်လိုက်သည်။ သူ့ကိုတွဲခေါ်နေသော ထို နူးနူးအိအိ လက်ဖဝါးလေးသည် ဒီခရီးမှာ သူ့ကို အမောပြေစေယုံသာမက ရင်ကိုပါခုန်စေခဲ့ပါသည်။

(ငါ ရင်မခုန်တော့တာ ၇ နှစ်ကျော်တောင် ကြာမှကိုး..)

..................

ဌာန တာဝန်များဖြင့် ၁၀ ရက်တာ နယ်ခရီးဖြစ်သော တောင်ပေါ်ရွာများသို့ ခက်ခက်ခဲခဲသွားရောက် ဆာဗေးဆင်းပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်ထဲသို့ ဝင်လာသော သူ့ကို ဇနီးဖြစ်သူက ပြေးလာပြီး ကြိုသည်။

"အကို ပြန်လာပြီ..အဆင်ပြေရဲ့လား .. အသားတွေ မဲသွားတယ်.. သမီးရေ.. ဖေဖေပြန်လာပြီဟေ့.. လာကြိုလိုက်အုံး.."

အိမ်ထဲမှ ပြေးထွက်လာသော သမီးလေးကို ပွေ့ချီကာ ဖက်နမ်းလိုက်သည်။

" အေးကွာ.. နေက မတအား ပူတာကိုး.. တောင်ပေါ်ရွာတွေကို ခြေကျင်လျောက်ရတာကွာ.. ပင်ပန်းချက်.."

"ခဏနားပြီး.. ရေအရင်ချိုးလိုက်နော်.... ထမင်းပွဲ ပြင်ထားလိုက်မယ်.. ဒီနေ့ပြန်လာမယ်ဆိုတာသိလို့ အကိုကြိုက်တဲ့ ဝက်ပုန်းရည်ကြီး ချက်ထားတယ်.."

ရေမိုးချိုး ထမင်းစားသောက်ပြီး စောစောစီးစီး အိပ်ရာဝင်ခဲ့သည်။ မွေ့ရာပေါ်တွင် ပစ်လှဲချလိုက်သော သူ့ကို ဇနီးက လာနှိပ်ပေး၏။

နာရီဝက်ခန့် နှိပ်ပေးပြီးသောအခါ ဇနီးသည်က သူ့ရင်ခွင်ထဲ ဝင်လှဲချလိုက်သည်။ နှာခေါင်းဆီသို့ ထောင်းခနဲဝင်လာသော ချွေးနံ့တစ်ချက်ကြောင့် ဇနီးသည်ကို မေးလိုက်၏။

"မိန်းမဆီက ချွေးနံ့ရတယ်.. ရေမချိုးဘူးလား.."

"ချိုးပါတယ် ..အကို့ သမီးလေ.. မကြီးမငယ်ကြီးနဲ့ မအိပ်ခင် ချီသိပ်ရမယ်ဆိုပြီး ဂျီကျနေလို့ ခုနက ချီသိပ်ရတယ်.. လက်မောင်းတွေတောင် အောင့်တယ်.. ချီရတာ ချွေးကို ရွဲနေရော.."

ဘယ်လိုဖြစ်သည်မသိ ၊ ချွေးထွက်သော်လည်း အနံ့မထွက်သော ရိုစီ့ကို သူသတိရမိသွားသည်။ ထိုညက ဇနီးသည်နှင့် အိပ်ရသည်မှာ ခံစားချက် ကင်းမဲ့နေ၏။

နောက်တစ်နေ့ ရုံးသွားသောအခါ ရိုစီ့ကို လိုက်ရှာမိသည်။ သူ့ကိုတွေ့သောအခါ ရိုစီက ပြုံးပြနှုတ်ဆက်ပါသည်။ ဒီည ညစာ အတူတူ သွားစားရအောင်ဟု ပြောသောအခါ ရိုစီက ခေါင်းညိတ်၏။

လက်ပြတ် လေးဝတ်လာသော ရိုစီသည် ဇွန်းနှင့် ခက်ရင်းကို လှပစွာ ကိုင်ပြီး ထမင်းစားနေသည်။ ဟင်းခပ်ဖို့ လက်မြှောက်လိုက်တိုင်း ဖြူဖွေးလှသော ရိုစီ၏ ဂျိုင်းနေရာလေးသို့ သူ ခိုးခိုးကြည့်မိသည်။ ဖြူဖွေးနေသော ဂျိုင်းနေရာလေးနှင့် စပ်လျက်ရှိသော ရင်သားနေရာသို့ သူစိတ်ဖြင့် မှန်းဆကာ ရင်ဖိုသွားပါသည်။

သူဒီလို ရင်မခုန်တာကြာပြီ.. ဟုတ်တယ်.. မျက်လုံးထဲတွင် ဇနီးဖြစ်သူကို မြင်ယောင်မိသည်။ သူနှင့်ချစ်သူ ဖြစ်ခါစက ဇနီးသည်က ရိုစီ့လိုပဲ ဘယ်နေရာကြည့်ကြည့် လှပချောမွေ့သည်။ အခုလို ချွေးနံ့ တစူးစူးမဟုတ်..

သေးသေးသွယ်သွယ် ဖြူဖြူဖွေးဖွေးလေး ဖြစ်သည်။ သမီးလေးမွေးပြီးသောအခါ ဇနီးဖြစ်သူ အသွေးအသားတွေ ပြောင်းလဲလာသည်။ချွေးနံတွေ စူးလာသည်။ ခပ်၀၀ ဖြစ်လာသော ဇနီးသည်၏ ပေါင်ရင်းများ လက်မောင်းရင်းများသည် မလှပတော့ဘဲ ညိုညစ်ညစ်တွေဖြစ်လာသည်။ အသန့်အပြန့်ကြိုက်သော သူ့အတွက် ခံစားချက်ကင်းမဲ့နေသော ညများစွာ ဖြတ်ကျော်နေရလေသည်။

"စားလေ ဆရာ.. ထမင်းမစားဘဲ ဘာလို့ ရိုစီ့ကိုပဲ ကြည့်နေတာလဲ.."

သူ့ကို ပြုံးစိစိဖြင့် ရိုစီကမေး၏။ တိုးတိတ်စွာ တုန်ရင်လှိုက်မောစွာ သူပြန်ဖြေပါသည်။

" လှလို့.."

ရှက်သွားမည် ထင်သော်လည်း ရိုစီက အပြုံးမပျက်ပါ..

" ဆရာ့ဇနီးလည်း လှတယ်လို့ ကြားမိတယ် ဆရာရဲ့.."

" သူ့အကြောင်းမပြောပါနဲ့ကွာ.. စိတ်ကုန်လို့.."

စကားဝိုင်းက တိတ်ဆိတ်သွားသည်။ ထိုညက ရိုစီ့ တိုက်ခန်းအထိ ပြန်လိုက်ပို့ပေးခဲ့သည်။

" တစ်ယောက်ထဲနေတာမို့ အိမ်ထဲတော့ မခေါ်တော့ဘူးနော် ဆရာ.. ဂွတ်နိုက်.."

" ဒီထက် ပိုရင်းနှီးလာရင်ရော အိမ်ထဲ အလည်ခေါ်မှာလား" ဟု သူအရဲစွန့်၍ မေးသောအခါ ရိုစီက မျက်လုံးတစ်ချက် မှိတ်ပြီး ပြုံးပြသည်။ သူ့ရင်တွေ ခြောက်သွေ့စွာဖြင့် အိမ်ပြန်ခဲ့သည်။

ထိုနေ့ကစပြီး နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ သူသည် ရိုစီ၏ အိမ်ထဲသို့ ဝင်ခွင့်ရယုံသာမက အခန်းထဲရှိ ကုတင်ပေါ်သို့ပါ တက်ခွင့်ရခဲ့သည်။

" လုံး၀ အံ့အားသင့်စရာပဲကွာ.. ရိုစီ့ရဲ့ ခန္ဓာကိုယ်ထဲက ဘယ်နေရာမှကို မနံတာနော်.."

သူ့ရင်ခွင်ထဲတွင် အိပ်နေသာ ရိုစီ၏ ဆံပင်များကို သပ်ပေးရင်း ပြောသောအခါ ရိုစီက ခပ်တိုးတိုးရယ်သည်။

" တကယ်ပြောတာကွ..ပြီးတော့....." ရိူစီ့နားကို ကပ်ပြီး စကားတစ်ခွန်းကို ခပ်တိုးတိုးလေး ပြောလိုက်သောအခါ ရိုစီက ရှက်သွားဟန်ဖြင့် သူ့ရင်ဘက်ကို လက်သီးဖြင့် တဒုန်းဒုန်းထုသည်။

" သွား.. အဲ့ဒါတော့ ရှင်ကြီး ပိုတာပါနော်.."

" တကယ်ပြောတာ .. အဲဒါတောင် မနံဘူး.."

သူ့ရင်ခွင်ထဲသို့ ခေါင်းကို အတင်းတိုးဝင်လာလျက် သူ့ရင်ဘက်ကို ရိုစီက ခပ်ဖွဖွကိုက်သည်။ ရင်ခုန်ရသော လှိုက်မောရသော ကျေနပ်မှု အပြည့်ရသော အချိန်များကို ဖြတ်ကျော်ပြီး စိတ်မပါသော ခန္ဓာကိုယ်ဖြင့် အိမ်သို့ သူပြန်လာခဲ့သည်။ အိမ်ရှေ့ ဧည့်ခန်းတွင် ထိုင်နေသော ဇနီးသည်က သူ့ကို တံခါးလာဖွင့်ပေး၏။

" နောက်ကျလိုက်တာ အကိုရယ်.. ဒီရက်ထဲ အကို အိမ်အပြန် အမြဲနောက်ကျတယ်နော်.."

"ဘာလဲ မင်းက လူကို မယုံသင်္ကာနဲ့ပါလား.. အလုပ်ပင်ပန်းရတဲ့ကြားထဲ မင်းကတစ်မျိုး.."

"မဟုတ်ပါဘူး အကိုရယ်.. ညရေး ညတာဆိုတော့ အကို့ကို စိတ်ပူလို့ပါ.."

" ပြီးရောကွာ.. စကားမရှည်နဲ့.."

ရေချိုး ထမင်းစားပြီး အိပ်ရာထဲဝင်ကာ အိပ်စက်လိုက်သည်။ သူ့အနားသို့ဇနီးက ဝင်လာသောအခါ ထုံးစံအတိုင်း ချွေးနံ့တစ်ချက် ရလိုက်သည်။ (စိတ်ကုန်လိုက်တာကွာ..)

ရိုစီသည် သူ့အတွက်တော့ နိဗ္ဗာန်တစ်ခုဖြစ်ပါသည်။ အချိန်ရတိုင်း ရိုစီ့ဆီမှာ သူအချိန်တွေ ကုန်ချင်သည်။ တဖြည်းဖြည်း စိတ်ပိုပိုကုန်စေလာသော ဇနီးဖြစ်သူနှင့် မကြာခဏ စကားများရတိုင်း ရိုစီ့ ဆီသို့သာ ပြေးလာချင်သည်။ တစ်နေ့နေ့တော့ အားလုံးကို စွန့်လွှတ်ပြီး ရိုစီ့ကိုသာ သူရွေးချယ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

...........

ထိုနေ့က ရိုစီရုံးမတက်.. ဘာဖြစ်လို့ပါလိမ့်.. နေများမကောင်းလို့လား.. သူစိုးရိမ်စွာဖြင့် ရုံးဆင်းသည်အထိ မစောင့်တော့ဘဲ နေ့လည်လောက်တွင် ရိုစီ့အခန်းဆီသို့ ပြေးသွားခဲ့သည်။ သော့ခတ်ထားသော တံခါးကို ကြည့်ပြီး စိတ်ပျက်စွာဖြင့် သူပြန်လှည့်လာသောအခါ အမျိုးသားတစ်ဦးနှင့် ခါးကိုဖက်ပြီး ရယ်မောကာ တိုက်ခန်းလှေကားအတိုင်း တက်လာသော ရိုစီ့ကို တွေ့ရ၏။

သူ့ကိုတွေ့သောအခါ ရိုစီ မျက်နှာပျက်သွားပါသည်။

"ဟာ.. ဆရာ.. ဘာလာလုပ်တာလဲ.."

"ဘာမှ မဟုတ်ပါဘူး.. ဒီနားကို ကိစ္စတစ်ခုရှိလို့လာရင်း ပုပ်စော်နံလာလို့ လာကြည့်တာ.. သိလား.. အခုမှ ကိုယ် အနံ့တွေကို သေသေချာချာ ခွဲတတ်သွားတာ.. အမှန်တော့ အဲဒီ အနံ့တွေက ငါ့ဆီက နံနေတာကိုး...''

ပြောပြီးသည်နှင့် သူသည် လှေကားမှ တဝုန်းဝုန်း ပြေးဆင်းလာလိုက်သည်။

ရုံးဆီသို့ မသွားသေးဘဲ Taxi ငှါးပြီး အိမ်ကို အမြန်ပြန်လာခဲ့သည်။ အိမ်တံခါးကို အသာလေးဖွင့်ကာ အသံမပေးဘဲ ဝင်လာလိုက်သည်။ မီးဖိုချောင်ထဲတွင် သူ့ကိုကျောခိုင်းလျက် တစ်ခုခုကို ချက်ပြုတ်နေပုံရသော ဇနီးသည်အနားသို့ အသာလေး ကပ်သွားလိုက်ပြီး နောက်ကျောကနေ ဖက်လိုက်၏..

"အမေ့.."

ရုတ်တရက် လန့်သွားပုံဖြင့် တစ်ချက်တုန်သွားသော ဇနီးသည်သည် ဖက်ထားသော သူ့လက်ကို စမ်းမိပြီး ချက်ချင်း ပြန်ငြိမ်သွားသည်။ ဇနီးသည် ခေါင်းလေးကို နောက်သို့ လှန်ချလိုက်ကာ သူ့ပခုံးကို မှီလျက်ဖက်ထားသော သူ့လက်ကို နူးညံ့စွာ ပွတ်သပ်လိုက်၏။

ဇနီးသည်၏ ဆံပင်ဆီမှလည်းကောင်း ၊ ကိုယ်ဆီမှလည်းကောင်း ချွေးနံ့လေးများသည် သူ့နှာခေါင်းဆီသို့ တိုးဝင်နေကြသည်။ ခဏအကြာတွင် ဇနီးဖြစ်သူသည် ပခုံးလေးတုန်ကာ ငိုကြွေးလေ၏။

" တော်သေးတာပေါ့.. ဒီလို အချိန်ကို ပြန်ရောက်အောင် ဘုရားမှာ ဆုတောင်းနေရတာ အကိုရယ်.." ဟု ငိုသံဖြင့် သူ့ကိုပြောသည်။

"ဘာတွေ ဖြစ်နေလဲ သိလို့လား.."

ဇနီးသည်က သူ့ရင်ခွင်ထဲတွင် ကျောခိုင်းထားရက်မှ လက်ဖြင့် သူ့မျက်နှာကို လှမ်းကိုင်ပြီး..

" သိတယ်.. သိနေတယ်လို့ ပြောလိုက်ရင် ကျွန်မနဲ့ သမီးကို အပြီးထားခဲ့တော့မှာ စိုးလို့ မသိချင်ယောင်ဆောင်နေခဲ့တာ.."

ထို့နောက် ဇနီးသည် သူ့ဘက်ကို ဖြည်းဖြည်းချင်း လှည့်လာသည်။

" အကို အနောက်ကနေ လာမဖက်တာ နှစ်နဲ့ချီ ကြာနေပြီလေ.. ဒါကြောင့် အခု ကျွန်မဆီ ကျွန်မယောက်ျား တကယ်ပြန်လာပြီဆိုတာ သိလိုက်ရတယ်.. အရင်ရက်တွေတုန်းက လူပဲပြန်လာတာ.. စိတ်က ဟိုမှာ ကျန်ခဲ့တာကို ခံစားမိနေတယ်.."

သူ့ကိုဖက်ကာ ဇနီးသည်က သည်းထန်စွာ ငိုကြွေးပါသည်။ ချွေးနံ့များ နံနေသည့် ဇနီးဖြစ်သူ၏ လည်တိုင်ကို မြတ်နိုးစွာ နမ်းရှိုက်လိုက်ပါသည်။

မွှေးရနံ့ အစစ်များသည် သူ့နှာခေါင်းဆီသို့ တိုးဝင်လာပါတော့၏။

ကိုစိုးထိုက် (ဖဒို)