ဟင်းနုနွယ်ရွက်ကို ပုံမှန်စားပေးတဲ့အခါ ခန္ဓါကိုယ်မှာ ဘယ်လိုအကျိူးကျေးဇူးတွေ ရလာမလဲ

သင်က ဟမ်ဘာဂါထဲမှာ ဟင်းနုနွယ်ရွက်ကို ထည့်စားတတ်သူလား။ အဲဒါဆိုရင်တော့ ဟင်းနုနွယ်ရွက်ရဲ့ အကျိူးကျေးဇူးတွေကို မြင်တွေ့ရတော့မှာပါ။ ဟင်းနုနွယ်ရွက်က အစာကျေ လွယ်စေတဲ့အပြင် အသားအရေကိုလည်း တောက်ပ စေပါတယ်။ ဟင်းနုနွယ်ရွက်က ခန္ဓါကိုယ်ကို ဘယ်လို အကျိုးပြုလဲ ဆိုတာကို ဖော်ပြပေးပါမယ်။

၁။ အရိုးနဲ့ကြွက်သားတွေကို သန်မာစေတယ်။

ဟင်းနုနွယ်ရွက်မှာ ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမိ၊ မန္ဂနိစ်၊ ဗီတာမင်စီတို့ အများအပြား ပါဝင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာတွေ့ရတဲ့ မဂ္ဂနီဆီယမ်က ကြွက်သားနဲ့ နာဗ်ကြောတွေကို အကျိုးပြုပါတယ်။ ဟင်းနုနွယ်ရွက်က အရိုးကိုလည်း ကျန်းမာစေလို့ အရိုးပွရောဂါကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။ ကိုက်လန်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ဖရုံသီး၊ ပန်းငရုတ်တို့ကလည်း အရိုးကျန်းမာရေးအတွက် မရှိမဖြစ်ပါပဲ။ 

၂။ မျက်လုံးအမြင်အာရုံ ကောင်းလာစေတယ်။

ဟင်းနုနွယ်မှာပါဝင်တဲ့ Lutein နဲ့ zeaxanthin တို့က မျက်လုံးနဲ့ ပတ်သက်တဲ့ရောဂါကို မဖြစ်လာအောင် ကာကွယ်ပေးပါတယ်။ ဟင်းနုနွယ်ကို ပုံမှန်စားတဲ့သူဟာ မျက်စိအတွင်းတိမ် ဖြစ်နိုင်ခြေတွေ နည်းလာတယ်လို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။ 

၃။ သွေးလည်ပတ်မှု ကောင်းလာစေတယ်။

ဟင်းနုနွယ်မှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က သွေးတိုးတာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။ ဒါပေမယ့် သွေးအလွန်တိုးလာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်နော်။

၄။ အသားအရေနဲ့ ဆံပင်ပိုကောင်းလာတယ်။

ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင်အေက ကျန်းမာရေးအတွက် အလွန်အရေးပါသလို အသားအရေနဲ့ ဆံပင်အတွက်လည်း အကျိုးပြုပါတယ်။ အလှကုန်ပစ္စည်းတွေမှာ ရေးထားတဲ့ "retinol" ဆိုတာ ဗီတာမင်အေရဲ့ အခြားနာမည်ပါပဲ။ အသားအရေ glow ချင်တဲ့ မိန်းကလေးတွေကတော့ ဗီတာမင်အေကို မေ့ထားလို့ မရပါဘူး။ ခန္ဓါကိုယ်မှာ ဗီတာမင်အေ ချို့တဲ့လာရင် ဆံပင်တွေကျွတ်ပြီး အသားအရေတွေ ခြောက်လာပါတယ်။ ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဗီတာမင်စီက အသားအရေအတွက် ကော်လဂျင်ကို ထောက်ပံ့ပေးပါတယ်။

၅။ အစာချေစနစ် ပိုကောင်းလာစေတယ်။

ဟင်းနုနွယ်မှာ အမျှင်ဓါတ်လည်းပါတာကြောင့် အစာချေစနစ်အတွက် အလွန်ကောင်းပါတယ်။ ဟင်းနုနွယ်က ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဟင်းနုနွယ်ကို အစိမ်းအတိုင်းပဲ စားစား၊ ချက်စားစား ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

- ဟင်းနုနွယ်ကို သုပ်စားရင်လည်း အရသာရှိပါတယ်။

- အချို့ကလည်း ဟင်းနုနွယ်ကို ဖျော်ရည် လုပ်သောက်ကြပါတယ်။

- ဟင်းနုနွယ်ကို အနှစ်လုပ်ပြီး အီတလီခေါက်ဆွဲမှာ ထည့်စားကြပါတယ်။

- ဟင်းနုနွယ်ကို ဂျုံနဲ့လည်း မုန့်ဖုတ်စားလို့ ရပါသေးတယ်။

Zombie (Lovemedia)