" သားသမီးကို ငရဲပေးတဲ့မိဘ "

" သားသမီးကို ငရဲပေးတဲ့မိဘ တကယ်ရှိသလား "

" ရှိပါတယ် . ."

(၁) အပြစ်တင်လွန်းတဲ့မိဘ

ဒါကရိုးရှင်းပါတယ်။ ဘာလုပ်လုပ် အပြစ်တင်နေတာ.. တစ်နည်းဆိုရရင် လောဘကြီးမိတာပေါ့..။ အသုံးမကျဘူး ဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ။

သားသမီးက တကယ် အသုံးမကျတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အသုံးမကျခြင်းကိုပဲ ဖောက်မြင်နေတာ။ ဒါကိုကြားရဖန် များလာတဲ့အခါ ဒေါသက မိဘကို ပြန်ခံပြောဖို့ စတင်လာတယ်...

(၂) ဘက်လိုက်တာ

သားသမီးချင်းတူရင် ငါ့သမီးငယ်လေး… ငါ့သားကြီးနဲ့ ဘက်လိုက် ဆက်ဆံတာ...။ ဒါက အရမ်းဆိုးတယ်..။ ဘက်လိုက်တတ်တဲ့ မိဘပိုင်ဆိုင်တဲ့ သားသမီးတွေဟာ မစည်းလုံးကြတာ များတယ်..။ မိဘက သွေးခွဲထားတာလေ။

" နင်ကညံ့တယ်... နင်ကတော်တယ်" ဆိုပြီး ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှ ဈေးနှုန်း ညှိမရကြတော့ဘူး...။ ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်..။ ပြီးရင် အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရား ပွားများလာတယ်။

ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှ ဖျောက်မရတော့ဘူး...။ မိဘရှေ့မို့ ဟန်ဆောင် ဆက်ဆံပြနေကြတာပါ။ မိဘသေကြည့် ဒီမောင်နှမတွေဟာ ပက်သက်စရာ လုံးဝကို မရှိတော့တဲ့ လူတွေအဖြစ် နေကြလိမ့်မယ်...

အချင်းချင်း ကူညီဖို့ဆိုတာကတော့ ဟိုး အဝေးကြီးမှာပဲ.....!

(၃) ဆဲဆိုလွန်းတာ

နေ့စဉ်အဆဲခံရတဲ့ လူဆိုတာ ဒေါသများမယ် ထင်လား? နည်းမယ် ထင်လား?

ပြန်များပြောမိရင် မိဘကို ခံပြောတယ် . . ငရဲကြီးမှာ. .  ဒုက္ခရောက်မှာ. .ခွေးဖြစ်မှာဆိုတဲ့ ကျိန်စာဆန်ဆန် စကားတွေက အရမ်းဆိုးတာပဲနော် …။ ဒါဆို နေ့စဉ်သားသမီးကို ဆဲရေးနေတဲ့ မိဘကကော ငရဲမကြီးတတ်တော့ဘူးလား . .! ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ မရရင် မခိုင်းသင့်တော့ဘူး … ဆဲရေးပြီးမှ ခိုင်းရတယ်ဆိုတာ အတော်ကို နည်းလမ်းမကျတာ။

သူဘာလို့ မလုပ်ချင်တာလဲ ဆိုတာ တော်တော်ကို ချဉ်းကပ်ရခက်တဲ့ ကိစ္စပါ..။ ဘာမှကို မလုပ်ချင်တာလား . . . သို့သော်လည်း သူလုပ်ချင်တာဘာများလဲ ဆိုတဲ့လမ်းက ဝေးတော့ ဆဲပြီးခိုင်းလိုက်တာ မြန်တယ်လေ... ဒီနည်းပဲ သုံးကြတော့တယ်...

(၄) သားသမီး အိမ်ထောင်ကို စွက်ဖက်တာ

တော်တော်များများ ဒါကိုလုပ်ကြတယ်...။ " နင်ယူထားတဲ့ ယောက်ျားကဘယ်လို " "နင်ယူထားတဲ့ မိန်းမက ဘယ်လို "ဆိုတာမျိုး မပြောသင့်ပါဘူး…။

သားသမီးရဲ့ရွေးချယ်မှုကို လေးစားရပါမယ်…။ သူဟာ သူ့ဘဝကို သူနေတတ်လို့ နေနေတာပါ..။ သားသမီးက သူ့အိမ်ထောင်နဲ့ ပက်သက်ပြီးကူညီပါလို့ မပြောမချင်း ဝင်ပါစရာကို မလိုတာ.... ငါ့သမီး ပဲ မှန်တယ် ငါ့သား က မှန်တယ် ဆိုတာ ချည်းပဲ ယူဆတာ မှားပါတယ်.။

သားသမီးအကြောင်း မိဘက သိတယ်ဆိုတာ ကလေးဘဝမှာပဲ ဖြစ်လိမ့်မယ်...။ သားသမီးအကြောင်း မသိကြလို့သာ သားသမီးက လူသတ်မိရင် မုဒိမ်းကျင့်တာမျိုး လုပ်မိရင် မိဘက အံ့သြတကြီး ဖြစ်ကြရတာပေါ့... ငယ်စဉ်က သိတယ်ဆိုတာ ကလေးဘဝမှာ မိဘနဲ့ တစ်နေကုန် ရှိနေလို့ အကျင့်လေးတွေ သိနေတာ... သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့ အချိန်ကုန်တာနည်းလေ မိဘက သားသမီးစိတ်ကို မသိရလေပဲ ဆိုတာကို သိထားသင့်ပါတယ်...!

သားသမီး ဆိုတာ မိဘကို အစစအရာရာ ပြောပြချင်တဲ့ အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ် အရွယ်မှာပဲ ရှိတယ်...။ ဒါကို ကလေးလိုပဲမြင်ပြီး အကုန်သိချင် အကုန်ဖြေရှင်းပေးချင်တယ် ဆိုရင် တကယ်ဖြစ်ရင်တောင် မိဘကို မတိုင်ပင်ကြတော့တာ များတယ်…။

" ငါပြောသားပဲ" ဆိုတဲ့ စကားနောက်က အပြစ်တင်မှုတွေဟာ ပြဿနာကို ဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေက ရိပ်စားမိကြပါတယ်...။ သားသမီးအကြောင်း တကယ်သာသိရင် ဒါမျိုး မလုပ်သင့်တာကို သိကိုသိထားရမယ်...

(၅) သားသမီးကို ပြောဆိုဆက်ဆံပုံ မှားတာ

အချို့မိဘတွေ ရှိပါတယ်..။ ပြင်ပမှာတော့ လူငယ်လူကြီးမရွေးကို အရမ်းအလေးထား ဆက်ဆံတတ်ပါတယ်..။ ပြောရရင် လူတွေအပေါ်လေးစားမှု ရှိတာပေါ့ ။ သားသမီးကိုကျ အဲ့လို မလုပ်နိုင်ကြပါဘူး..။ သားသမီးဆိုတာ ငယ်နိုင်လို ဖြစ်နေတော့ စိတ်အလိုမကျတိုင်း သားသမီးကို နှိမ်နေတတ်တာမျိုးပါ...။ စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာ လူ့သဘာဝပါ...

အပြင်ပန်းက မှတ်မထားတာ မှန်ကောင်းမှန်ပါလိမ့်မယ်... စိတ်ခံစားချက်က မှတ်ထားတတ်လို့သာ မိဘပြောတိုင်း မကောင်းမြင်တယ် ဆိုပြီး ဒေါသကြီးနေတတ်တဲ့ သားသမီးတွေ ရှိလာရတာပါ...

စိတ်ဆိုတာ အမြဲမရှည်ပါဘူး .။ ဒါကြောင့် သားသမီးကို အမြဲနားပူအောင် နေ့စဉ်ဆုံးမစကား ဆိုမနေပါနဲ့...။ သူနေ့စဉ်လုပ်တာတွေ မှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်း ပြောသင့်တာပါ..။ တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ်… သားသမီးအနေနဲ့လည်း မိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်..။ သူ့အမှားကိုဆင်ခြင်နိုင်တယ်..။

" ဒေါသပါတဲ့ ဆုံးမစကားဟာ ပြောင်းပြန် အကျိုးသက်ရောက်ပါတယ် . . ." ဘာလို့လဲ ဆိုတော့ သားသမီး ဆိုတာ လူသားမို့ ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...

အဆင်မပြေမှုတွေကို သူတို့လဲ မလိုလားကြပါဘူး! ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်ပါတယ်.. မိဘအတွက်လဲ မျက်စိထဲ အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာ ရပ်တည်နေတာ ကိုယ်မမြင်ရဘူးဆို အပူသက်သာတယ်..။

မိဘရဲ့ အဝေးမှာ နေမယ်ဆိုရင်လည်း အဆင်ပြေပြေ မပြေပြေ မိဘသာမသိစေနဲ့ မေးလာရင် အဆင်ပြေတယ်ပဲ ပြောလိုက်ပါ...။ ဒါမှ အဝေးမှာ မိဘကော သားသမီးပါ စိတ်အေးလက်အေးနေနိုင်မှာပါ..။ နို့မို့ တွေးပူနေတာနဲ့ မိဘစိတ်ပင်ပန်းပါမယ်...

နေ့စဉ် တစ်ယောက်နဲ့တစ်ယောက် အကုသိုလ်ယူနေရတာမျိုး ဘာလို့လုပ်တော့မလဲ... ကိုယ်တတ်နိုင်ရင် အဝေးကနေ ထောက်ပံ့ခြင်းကို  လုပ်လို့ရပါတယ်... အနီးမှာပဲ နေရမယ် ဆိုလည်း မိဘနဲ့ အဆင်ပြေအောင် နည်းလမ်းရှာ စိတ်လျော့တာလည်း လုပ်နိုင်ပါတယ်...

မိဘဆိုတာ အဖိုးတန်ပါတယ်..။ ဒါပေမဲ့ သားသမီး ဆိုတာလဲ လူသားမို့ သူလည်း သူ့တန်ဖိုးသူ ရှိတယ်ဆိုတာ မိဘများ အထူး သတိချပ်မိကြရင် မိဘနဲ့သားသမီး ဆက်ဆံရေးက အဆင်ပြေမှာပါ...

Original Writer