
သွေးဖြူဆဲလ်စနစ်က ပိတ်နေတယ်ဆိုရင် ရောဂါများစွာ ဖြစ်လာနိုင်ပါတယ်။ ခန္ဓါကိုယ်က အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ ပြန်ရည်ကြောစနစ် မကောင်းတဲ့အခါ ခေါင်းကိုက်တာ၊ မောပန်းတာ၊ အစာချေစနစ် ကမောက်ကမဖြစ်တာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ပြန်ရည်ကြောစနစ် ကောင်းကောင်း အလုပ်လုပ်ဖို့အတွက် နည်းလမ်းတွေကို Lovemedia ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ပြန်ရည်ကြောစနစ် မကောင်းတော့တဲ့အခါ ဖြစ်တတ်သော လက္ခဏာများ
ခြေထောက်နှင့်လက်များ ယောင်လာခြင်း
အသားအရေအရောင်ပြောင်းလာခြင်း
နားကိုက်ခြင်း
အသက်ရှူတဲ့အခါ၊ အစာမျိုချတဲ့အခါ ခက်ခဲခြင်း
ခန္ဓါကိုယ်က ပြန်ရည်ကျိတ်တွေကို အမြဲသတိထား ကြည့်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပြန်ရည်ကျိတ်က ပဲစေ့အရွယ်အစားပဲ ရှိပါတယ်။ ဒါပေမယ့် ပြန်ရည်ကျိတ်က ကြီးလာတာ၊ ရောင်လာတာ၊ နာကျင်လာတာ ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
၁။ ကြက်ဆူဆီ
ဒီနည်းက ရိုးရှင်းပါတယ်။ ကြက်ဆူဆီကို ပိတ်စလေးထဲထည့်ပြီး ဝမ်းဗိုက်ပေါ် လိမ်းပေးရမှာပါ။ ပြန်ရည်ကျိတ်ရောင်တဲ့ နေရာကိုလည်း တိုက်ရိုက်လိမ်းပေးလို့ ရပါတယ်။
၂။ သဘာဝအသီးအနှံတွေ
ပြန်ရည်ကြောစနစ် သန့်ရှင်းသွားဖို့အတွက် သဘာဝအသီးအနှံက တကယ် ထိရောက်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။
Echinacea
မြောက်အမေရိကတိုက်က ရရှိတဲ့ ဆေးဖက်ဝင်အပင် Echinacea က ပြင်ပမှ ဝင်ရောက်လာတဲ့ ရောဂါပိုးများကို တားဆီးပေးသောသွေးဖြူဥများ ပိုမိုထုတ်လုပ်ပေးပါတယ်။
Milk thistle
Milk thistle က အစာအိမ်၊ အသည်းနဲ့ ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
Manjistha
သူကတော့ အသည်း၊ အရေပြားနဲ့ သွေးထဲက အဆိပ်တွေကို သန့်ရှင်းပေးပါတယ်။
၃။ ချွေးထုတ်ခြင်း
ချွေးထုတ်တာက ခန္ဓါကိုယ်ကို အပန်းပြေစေရုံတင် မကပါဘူး။ ခန္ဓါကိုယ်ထဲက အဆိပ်တွေကို ချွေးတွေနဲ့အတူ ပါသွားစေပါတယ်။ အပူချိန်က နှလုံးခုန်နှုန်းကို တိုးလာစေပါတယ်။ အဲဒါကြောင့် ပြန်ရည်စနစ်ကို ပုံမှန်အတိုင်း ဖြစ်လာစေပါတယ်။
၄။ အသည်းကို သန့်ရှင်းရေးလုပ်ခြင်း
အသည်းက ခန္ဓါကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းထဲက တစ်ခုပါပဲ။ အသည်းက ခန္ဓါကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အသည်းအတွက် ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ သစ်ကြားသီးတွေကို စားပေးသင့်ပါတယ်။
၅။ ရေနွေးသောက်ပါ။
ခန္ဓါကိုယ်မှာ ရေဓါတ်မရရင်လည်း ပြန်ရည်ကြောစနစ်က ပုံမှန်အလုပ် မလုပ်နိုင်ပါဘူး။ ပြန်ရည်စနစ်ကို ရေဓါတ်ပြန်ရစေဖို့ အကောင်းဆုံးနည်းကတော့ ရေနွေးသောက်တာပါ။
၆။ အရေပြားကို ပွတ်တိုက်ခြင်း
ရေမပါဘဲ ခန္ဓါကိုယ်ကို brush နဲ့ ပွတ်တိုက်တာက ပြန်ရည်ကြောစနစ်ကို ကောင်းမွန်စေပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခန္ဓါကိုယ်က ချွေးပေါက်လေးတွေကိုလည်း ပွင့်လာစေပါတယ်။
၇။ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်းက စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ သွေးဖိအားကိုလည်း နည်းစေပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းလာစေပါတယ်။ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ် စေပါတယ်။ အဲဒါကြောင့် ပြန်ရည်ကြောစနစ် အတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ တစ်နေ့ကို ၁၅ မိနစ်ခန့် တရားထိုင်သင့်ပါတယ်။
၈။ နှိပ်နယ်ခြင်း
ပြန်ရည်ကြော ရှိတဲ့နေရာတွေကို နှိပ်နယ်ပေးမယ်ဆိုရင် ခန္ဓါကိုယ်က အဆိပ်အတောက်ကင်းပြီး သွေးလည်ပတ်မှုကို ကောင်းလာစေပါတယ်။ ဒါပေမယ့် ဆေးပညာနဲ့ပတ်သက်ပြီး သိရှိတဲ့သူတွေဆီမှာပဲ အနှိပ်ခံသင့်ပါတယ်။
အခု ဖော်ပြပေးတဲ့ အချက်တွေကတော့ ပြန်ရည်ကြောစနစ် ကောင်းမွန်လာဖို့အတွက်ပါ။ ပြန်ရည်ကျိတ်ကြီးလာတာ၊ ရောင်လာတာဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ မမေ့သင့်ပါဘူးနော်။
Zombie (Lovemedia)
0 Comments