အဆင်ပြေလားလို့တောင်

တစ်ခါမှ မေးဖော်မရတဲ့သူတွေ အတွက်

ကိုယ့်ဘက်က အမြဲအသင့်ရှိနေပေးခဲ့တာကို

နောင်တလို့တော့ ခေါင်းစဉ်မတပ်တော့ဘူး။

ပေးဆပ်မှုတိုင်းအတွက်

ဘာတစ်ခုမှ ပြန်မရရင်တောင်မှ

သင်ခန်းစာတော့ အလိုလိုရပြီးသားပါ။

ကိုယ်အဆင်မပြေတာကလွဲလို့

အားလုံးကို အဆင်ပြေစေချင်ခဲ့တာ။

ကိုယ်မပျော်တာကလွဲလို့

အားလုံးကို ပျော်ရွှင်စေချင်ခဲ့တာပါ။

အရာရာ အလျော့ပေးလွန်းလို့ ထင်ပါရဲ့

လူတကာက အမြဲ အနိုင်လိုချင်နေကြတာ။

အမုန်းမပေးချင်ဘူး ဒါကြောင့်

ပေးလက်စနဲ့ အရှုံးပေးထားတာ ။

ထီးလေးတစ်ချောင်းဟာ

လူတစ်ယောက်ကို အရိပ်ပေးဖို့အတွက်

သူကိုယ်တိုင် နေပူဒဏ်ကို အရင်ခံရတယ်။

ဖိနပ်လေးတစ်ရံဟာ

လူတစ်ယောက်ကို သန့်ရှင်းစေဖို့အတွက်

သူကိုယ်တိုင် အညစ်အကြေးအပေခံရတယ်။

ရွှေငါးလေးတွေဟာ

လူတွေ အလှကြည့်ဖို့အတွက်

မှန်လှောင်အိမ်ထဲမှာ မွန်းကျပ်စွာနေပေးရတယ်။

ကိုယ့်အဖြစ်က

ထီးလေးတစ်ချောင်းလို

ဖိနပ်လေးတစ်ရံလို

မှန်လှောင်အိမ်ထဲက ရွှေငါးလေးလို

ကိုယ့်အဖြစ်က အဲ့ဒီလိုမျိုး ။

တိုက်ဆိုင်ရင် သတိရပေးလိုက်မယ် ။

တကူးတကကြီးတော့ မလွမ်းတော့ဘူး။

တတ်နိုင်သလောက်လေး ပေးဆပ်လိုက်မယ် ။

အမြဲတမ်းတော့ တာဝန်မယူနိုင်တော့ဘူး ။

တစ်ဖက်လူကို ကြည့်ပြီး

တန်ရာတန်ရာပဲ ဆက်ဆံတော့မယ် ။

ဟန်ဆောင်ပြီးတော့ မပြုံးပြတော့ဘူး ။

အဝေးကြီးကို လှမ်းမငေးတော့ဘူး ။

ကိုယ့်ဘဝနဲ့ မအပ်စပ်တဲ့ မျှော်လင့်ချက်တွေက

ကလေးတစ်ယောက်ရဲ့ စုဗူးလိုပဲ

အချိန်မတန်ခင် ခွဲရတာ များတယ်။

ကိုယ်သိလိုက်ပါပြီ

နောက်ဆိုရင် ကိုယ့်နေ့ရက်တွေက

ဖတ်လက်စ စာအုပ်တွေနဲ့ပဲ နေပျော်ပါတယ်။

ကိုယ်သိလိုက်ပါပြီ

နောက်ဆိုရင် ငါ့ဘဝရဲ့ အရုဏ်ဦးတွေက

ကော်ဖီ ခါးခါး တစ်ခွက်နဲ့တင် လုံလောက်ပါပြီ ။

ကိုယ်သိလိုက်ပါပြီ

နောက်ဆိုရင် ကိုယ့်နှလုံးသားဟာ

ဘယ်သူမှ သိခွင့်မရတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့

အသက်ဆက် ရှင်သန်နိုင်ပါပြီ ။

ဝေဒနာရှိတိုင်း မကုစားချင်တော့ဘူး ။

တစ်ချို့ဒဏ်ရာတွေက ရင့်ကျက်ဖို့အတွက်

လိုအပ်တယ်လေ။

အမှန်ပြောရရင်

ဘယ်သူ့ကိုမှ စိတ်မနာရက်ဘူး ။

စေတနာတွေ ရေစီးကမ်းပြိုခဲ့ဖူးတဲ့

ကိုယ့်မေတ္တာတွေကိုပဲ ကိုယ်ပြန်အားနာတယ်။

ဒီလောက်ပါပဲ ......။

Soe Thiha Kyaw