ကျွန်မရဲ့ Facebookထဲ က ညီမငယ် တစ်ယောက်က သူ့ခင်ပွန်းနဲ့ သူ.. သူတို့ မင်္ဂလာဆောင်မှာ နမ်းနေကြတဲ့..ဓာတ်ပုံလေးကို profile picture အနေနဲ့ တင်ထားဖူးတယ်။

အဲဒီမှာ တစ်ယောက်က ဘာဝင်ရေးလဲ ဆိုရင် လုပ်လိုက်ရင် သောက်တလွဲတွေချည်းပဲ.. အရှက်ကို မရှိဘူးတဲ့.. ကျွန်မဘာလို့ အဲဒီ ကွန်မန့်ကြီးကို အတုံးလိုက် အတစ်လိုက်ကြီး မှတ်မိနေလဲမသိဘူး.. ရိုင်းလွန်းလို့..

ပြီးတော့ တွေးစရာတွေပါနေလို့ မှတ်မိနေခဲ့တယ် ထင်ပါတယ်။ ပြောခံရတဲ့သူကတော့ အေးအေးဆေးဆေးပဲ reply ပြန်လုပ်ထားတယ်..

ဘာကို ရှက်ရမှာလဲ.. တဲ့.. ကိုယ့် မင်္ဂလာဆောင်မှာ ကိုယ့် ယောကျာ်း ကိုယ်နမ်းနေတာ ရှက်စရာလား..တဲ့..

တကယ်တော့ သူများကိုယ်ရေးကိုယ်တာကို ဘာမဆိုင်ညာမဆိုင် အတင်းဝင်စွက်တဲ့ သူလို အောက်တန်းစားကမှ ရှက်စရာ ကောင်းနေတယ်ဆိုတာ မသိရှာဘူး။

တချို့သူတွေဟာ.. အရမ်းကို conservative ရှေးရိုးဆန်တယ်။ Narrow minded အမြင်ကျဉ်းတယ် ပြောရမလားမသိဘူး။ လင်မယား ဆိုတာနဲ့ အိပ်ရာထဲက ကိစွလုပ်ဖို့လောက်ပဲ မျက်စိထဲမြင်တတ်ကြတယ်။

လင်နဲ့မယား နမ်းနေပြီဆို..

ဟာ.. နှာဘူးထနေပြီ..

လင်နဲ့မယား..အချင်းချင်း ကလူကျီစယ် ကယုကယင်နဲ့..

ချစ်ခွန်းတုံ့တင်တွေ ဖြစ်နေကြပြီဆို..

ဟယ်.. နှာမွှန်နေကြပြီ..

လက်ထပ်ပြီးခါစ ရုံးပြန်တက်ပြီဆို လုပ်ဖော်ကိုင်ဖက်တွေက.. ဟေ့.. မင်း ..ဒူးချောင်နေတယ်.. ညက ဘယ်နှစ်ခါ ကောင်းလိုက်လဲ.. နှုတ်ဆက်ကြပြီ.. လင်မယား ဆိုရင် ၂၄ နာရီ ဒီကိစ္စပဲ ခေါင်းထဲရှိပြီး ဒါပဲ လုပ်ချင်နေကြတယ်လို့ ထင်နေကြတာလားမသိ

လင်မယား ဆိုတာ တကယ်တော့ Best friend.. အချစ်ဆုံးသူငယ်ချင်းတွေပါ။ ဘဝကို အတူရုန်းကြရတဲ့ Life partner ရဲဘော်ရဲဘက်တွေပါ။ ဘဝတစ်ခုတည်းကို ဝေမျှခံစားရတဲ့.. Soul mate တွေပါ.. အိမ်ထောင်ကျသွားပြီ ဆိုတာနဲ့ အချစ်ဆိုတဲ့ အရာကို ချောင်ထိုးလိုက်ရပြီလို့ ထင်နေကြတာလား

အိမ်ထောင်ကျပြီးမှ နှစ်ယောက် ချစ်တယ်ဆိုတာထက် တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ မေတ္တာ စေတနာတွေ ပေးဆပ်မှုတွေ တန်ဖိုးတွေကို သိပြီး.. အချင်းချင်း ပိုပြီးမြတ်နိုးလာတာ.. သံယောဇဉ်တွေ ခိုင်မာမြဲမြံလာတာ..

ဘဝကိုရင်ဆိုင်ဖို့.. မျှော်လင့်ချက်တွေ အိပ်မက်တွေ သတ္တိတွေ ခွန်အားတွေ ပေါ်လာကြတာ။ ဒါတွေဟာ ချစ်တဲ့သူနဲ့ အိမ်ယာထူထောင်ခြင်းရဲ့ အကျိုးရလာဒ် တွေပါ.. လူနှစ်ယောက်ဟာ တစ်မိုးအောက်မှာ အတူရှိနေလျက်နဲ့တောင် မကြင်နာနိုင်ကြတော့ဘူးဆိုရင် ဝမ်းနည်းစရာပါပဲ..

တချို့တွေ အိမ်ထောင်ကျပြီးမှ.. လက်ကလေးတွဲတာ ပုခုံးကလေးဖက်တာတောင် မလုပ်ကြ.. လူရှေ့သူရှေ့ သားသမီးတွေရှေ့ကျ ပိုဆိုး.. အမလေး.. အိမ်ထောင်ပဲ ကျပြီးနေပြီ ချစ်တယ်ဆိုတာလည်း မရှိတော့ပါဘူး..

ဒီလို ခံယူချက်တွေနဲ့ သွားကြတော့.. ချစ်တတ်တဲ့ သူများလင်မယားတွေ ကိုယ့်ရှေ့မှာ ချစ်ကြတာမြင်တော့လည်း မနာလို ဂျေထပြီး မရှက်ကြဘူးလားဟယ်တို့ အရှက်ကို မရှိဘူးတို့က ဖြစ်လာကြသေးတယ်..

အဲလို လူမျိုးတွေမှာ မိန်းမဆိုလည်း ..

အို ကလေးတွေမွေးပြီး အိမ်မှု ကိစွသိမ်းထုပ်သေချာရင်ပြီးရောပေါ့..

ယောကျာ်းကလည်း..

အို..အိမ်ကို မယားငယ်ခေါ်မလာတာ တော်သေးတာပေါ့.. မှန်မှန် ပေးကမ်းနေတာပဲ.. ဒီလိုမျိုးတွေးကြတယ်..

တချို့ လူကြီး မိဘတွေရှိသေးတယ်။ လင်မယားက ချစ်ရေ မောင်ရေ ပြောကြဆိုကြဆိုရင် မင်းတို့ဟာကလည်း နားရှက် မျက်စိရှက်စရာ တို့ရှေ့တော့လာမလုပ်နဲ့.. အနေအထိုင် ဆင်ခြင်ဖို့ကောင်းတယ်.. တဲ့..

သြော်... သမီးနဲ့သမက်ပဲဖြစ်ဖြစ် သားနဲ့ချွေးမပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့ သတ်နေ ရိုက်နေ ဆဲနေကြတာထက်စာရင် ချစ်နေ ကြင်နာနေကြတဲ့ ကိစွကို ဘာလို့ မကျေနပ်နိုင်ရတာလဲ မင်္ဂလာ မယူနိုင်ရတာလည်း မေးချင်မိတယ်။

တကယ်တော့ ကိုယ့်မိန်းမကိုယ် ချစ်တာပဲ.. ဘာဖြစ်လဲ.. ချစ်ရမှာပေါ့.. ကိုယ်ယောကျာ်းကိုယ် နမ်းတဲ့ဟာပဲ.. ဘာဖြစ်လဲ.. သူများ ယောကျာ်း သွားနမ်းနေမိရင်တော့ ရှက်စရာပေါ့..

ရှက်စရာ မဟုတ်တာကို.. ရှက်စရာကောင်းတယ် ထင်ကြသူတွေ သောက်တလွဲလုပ်တယ် ထင်ကြသူတွေရဲ့.. အိမ်ထောင်ရေးတွေမှာ လူနှစ်ယောက်ကို ချည်ထားတဲ့ကြိုးဆိုတာ ဟိုး အောက်ဆုံးအဆင့်မှာ.. အလျော့ဆုံး.. အနိမ့်ဆုံး.. ပြတ်လဲထွက်မသွား.. သာလည်းမသာယာ..

အိမ်ထောင်ရေးမှာ ကိုယ့် ယောကျာ်းကိုယ်ချစ်ဖို့ ကိုယ့်မိန်းမကိုယ် ကြင်နာဖို့ လိုပါတယ်.. ဒါဟာ အရေးကြီးပါတယ်..

မွန်ဟော်စီ