ဘဝမှာ ကိုယ်ရရှိထားတဲ့ အရာလေးတွေဟာ ကိုယ့်လိပ်ပြာကိုယ်သန့်မှ တန်ဖိုး ရှိတာပါ။ ကိုယ်ရထားတဲ့ ဂုဏ်တွေ၊ ကိုယ်ရထားတဲ့ ငွေတွေ၊ ကိုယ်ရထားတဲ့ ရာထူးဋ္ဌာနတွေ၊ ကိုယ်ရထားတဲ့ ထင်ပေါ်ကျော်ကြားမ ှုတွေဟာ ရိုးသားမှုကိုအခြေခံ တကယ့်ကို အစစ်အမှန် ကြိုးစားမှုနဲ့ ရထားတာ ဆိုရင်တော့...

တွေးတိုင်း တွေးတိုင်း ကိုယ့်ကို ယုံကြည်မှုတွေ၊ အားအင်တွေ၊ စိတ်သန့်ရှင်းမှုတွေကို ဖြစ်စေနိုင်ပေမယ့် ရိုးသားမှုမရှိ၊ အရည်အချင်းမရှိ၊ ကိုယ့်စွမ်းအားမပါဘဲ အမှီကောင်းလို့၊ ပေးနိုင်ကမ်းနိုင်လို့၊ ဟိုဟာကြောင့် ဒါကြောင့် ရတာ ဆိုရင်တော့ တွေးတိုင်းတွေးတိုင်း သံသယတွေနဲ့ ဟန်မကျတာတွေ ဖြစ်စေတတ်ပါတယ်။

သေချာတွေးကြည့်ရင် မမှန်ဘဲ ရထားတာတွေဟာ ခံစားနေရပေမယ့် စိတ်တော့သန့်မှာ မဟုတ်ပါဘူး။ အဲ့လိုဆိုရင်တော့ ရွှေဘုံပေါ်မှာ ထိုင်ပြီး မပျော်နိုင်တဲ့ ဘဝမျိုးပဲ ဖြစ်နေမှာပေါ့။ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာပေမယ့် မပျော်နိုင်တဲ့ ဘဝမျိုးထက်စာရင် ရုပ်ဝတ္ထုပိုင်း မပြည့်စုံပေမယ့် ကိုယ့်ရှိတဲ့ အနေအထားလေးနဲ့ စိတ်သန့်သန့်လေး နေထိုင်ရတဲ့ ဘဝလေးဟာ ပိုကျေနပ်စရာ ကောင်းပါတယ်။

မမှန်တဲ့နည်းနဲ့ ရထားတဲ့ အရာတွေဟာ တဒင်္ဂအားဖြင့်တော့ ချမ်းသာတယ်လို့ ထင်ရပေမယ့် တစ်ချိန်ချိန်မှာ အသိတရားဝင်လို့ ဆင်ခြင်ဖြစ်တဲ့အခါ အဲဒီ မရိုးသားမှု၊ မမှန်ကန်မှုတွေက ကိုယ့်စိတ်ကို ဖိအားတွေနဲ့  နောင်တ,တရား သောကပွားမှုတွေကို ဖြစ်စေနိုင်တဲ့အပြင် မမှန်ကန်မှုရဲ့  အကျိုးသက်ရောက်မှုအတွက် ပေးဆပ်ရတဲ့ အပြစ်တွေကလည်း သံသရာနဲ့ချီပြီး အကြာကြီး ပေးဆပ်လိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါကြောင့် သူများပေါလို့လည်း မမှန်တဲ့နည်းနဲ့ ကိုယ်မမျော မိပါစေနဲ့။ သူများထင်ပေါ်လို့လည်း မရိုးသားတဲ့နည်းနဲ့ ကိုယ်မချော်မိပါစေနဲ့။သူများရလို့လည်း စိတ်မသန့်တဲ့နည်းနဲ့ ကိုယ် မတမိပါစေနဲ့။ ကိုယ့် အရှိတရားအပေါ်မှာပဲ စိတ်သန့်သန့်လေးနဲ့ ကျေနပ်နိုင်အောင် ကြိုးစားတာဟာ အကောင်းဆုံးပါပဲ။

ရိုးသားပြီး ကြိုးစားတဲ့သူဟာ အတိုးအများကြီး မရှိပေမယ့် တန်ဖိုးကတော့ အကျိုးအများကြီး ရှိနေတယ် ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

အရှင်သုနန္ဒ

ဖတ်မှတ်ပြီး ဓမ္မတရားတော်၊ ဓမ္မစာပေများကို ကုသိုလ်ပွားနိုင်ရန်အတွက် ထပ်ဆင့်၍ မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြု နိုင်ပါသည်။

မေတ္တာဖြင့်မျှဝေသူ