အောင်မြင်မှုဟာ အရာနှစ်ခုအပေါ် မူတည်နေတယ်လို့ Harvard Grant Studyက ဆိုပါတယ်။ အဲဒီအရာနှစ်ခုကတော့ ချစ်ခြင်းမေတ္တာနဲ့ အလုပ်ပဲ ဖြစ်ပါတယ်။  ချစ်ခြင်းမေတ္တာကိုတော့ လူတိုင်းမှာ တွေ့နိုင်ပါတယ်။ ပြီးတော့ အိမ်မှုကိစ္စတွေကို ငယ်စဉ်ကတည်းက လုပ်ကူပေးတဲ့ ကလေးတွေက အသက်ကြီးလာရင် ပိုပြီးအောင်မြင်နိုင်ပါတယ်။


အိမ်မှုကိစ္စတွေကို လုပ်ကိုင်ကူပေးတဲ့သူတွေက အကောင်းမြင်စိတ်ရှိပြီး တခြားသူတွေကိုလည်း ကူညီတတ်သွားတယ်လို့ How to Raise an Adult ရဲ့ စာအုပ်ကို ရေးသားခဲ့သူ စာရေးဆရာ Julie Lythcott-Haims က ပြောပါတယ်။ အိမ်ကို လုပ်ကူတတ်တဲ့ အကျင့်လေးက ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ အဖွဲ့အစည်းတွေနဲ့ အလုပ်အတူတူ လုပ်တဲ့အခါမှာ အလွန်အသုံးဝင်ပါတယ် ။ ဘာလို့လဲဆိုတော့ ငယ်စဉ်ကတည်းက ခေါင်းဆောင်တတ်တဲ့အလေ့အကျင့်ကို ရရှိခဲ့လို့ပါ။


ကလေးတွေကို အိမ်အလုပ်ကို လုပ်ကူစေတဲ့အခါ သူတို့မှာ ကိုယ်ပိုင်စဉ်းစားဖို့၊ ဆုံးဖြတ်ချက်ချဖို့၊ အစီအစဉ်ချဖို့၊ မအောင်မြင်ရင် ဆက်ကြိုးစားဖို့ အခွင့်အရေးတွေ ရှိလာပါတယ်။ နောက်ထပ်အကျိုးရှိတာတစ်ခုကတော့ ဘဝရဲ့တချို့ကိစ္စရပ်တွေကိုလည်း ထိန်းချုပ်နိုင်သွားတော့တာပါပဲ။


အိမ်မှုကိစ္စဆိုတာ နေ့စဉ်အလုပ်ဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်လာတဲ့အခါ ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလာပါတယ်။တော်ရုံတန်ရုံကိစ္စတွေဆိုလည်း စိတ်ဓါတ်မကျတတ်တော့ပါဘူး။  ပြီးတော့ ကလေးတွေရဲ့စိတ်ထဲမှာ ဘယ်အရာကမှ လွယ်လွယ်ကူကူနဲ့ မရဘူးဆိုတာ သဘောပေါက်သွားစေပါတယ်။


ကလေးတွေကို ပန်းကန်ဆေးခိုင်းတာ၊ အမှိုက်ပစ်ခိုင်းတာ၊ အဝတ်သိမ်းခိုင်းတာတွေကို တဖြည်းဖြည်းလေ့ကျင့်ပေးတဲ့အခါ တစ်ကိုယ်ရည်စာအတွက် တာဝန်ယူတတ်လာပါတယ်။ ကလေးတွေကို အိမ်အလုပ်မလုပ်ကူခိုင်းတဲ့အခါ ကျောင်းမှာ၊ အလုပ်မှာ အများနဲ့လိုက်လျောညီထွေ မနေတတ်တော့တာ၊ သီးသန့်နေထိုင်တတ်တာတွေ ဖြစ်လာနိုင်ပါတယ်။


ကလေးတွေက အိမ်အလုပ်တွေကို လုပ်ကူပေးတဲ့အခါ သူတို့ကို ချီးကျုးပေးဖို့လည်း လိုပါတယ် ။ ပြီးတော့ သူတို့လုပ်ရမယ့်အလုပ်တွေကို အချိန်ဇယားတွေ ဆွဲပေးလိုက်တဲ့အခါ အချိန်ကိုလည်း စီမံခန့်ခွဲသွားတတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို အိမ်မှုကိစ္စလုပ်ကူပေးဖို့ အခွင့်အရေးပေးသင့်ပါတယ်။

Zombie (Love Media)