လူတိုင်း အိပ်မက် မက်ဖူးကြပါတယ်။ အိပ်မက်တွေဟာဆိုရင် အမျိုးစားများပြားစွာ ရှိပါတယ်။ အချို့သော လူတွေက အရောင်တွေကို အိပ်မက် မက်ကြပါတယ်။ အချို့သော အိပ်မက်တွေက အသံပါဝင်ပြီး အချို့သော အိပ်မက်တွေကတော့ တိတ်ဆိတ်စွာ ရှိတက်ကြပါတယ်။

တစ်ချို့အိပ်မက်တွေမှာဆိုရင် မိမိဟာ တစ်စုံတစ်ဦး (သို့မဟုတ်) တစ်စုံတစ်ခု၏ လုပ်ဆောင်ချက်တွေကို ရှုထောင့်တစ်ခုမှ ကြည့်ရှုနေသည့်ပုံစံမျိုးကို အိပ်မက် မက်တက်ကြပြီး အချို့သော အိပ်မက်တွေမှာကျတော့ မိမိကိုယ်တိုင် လုပ်ဆောင်ချက်တွေကို ပါဝင်လုပ်ဆောင်နေသည်ဟု အိပ်မက်မက်ကြပါတယ်။

လူတွေဟာ မိမိတို့၏ အိပ်မက်နှင့်ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးနိမိတ်တွေကို ကြိုတင်သိထားမယ် ဆိုရင် ကောင်းကျိုးခံစားခွင့်ရှိသော အိပ်မက်များကို မြင်မက်ပြီးပါက ကောင်းကျိုးရရှိမည့် အချိန်ကာလကို စောင့်ဆိုင်းပြီး အထူးသတိဖြင့် နေထိုင်ရန် ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။

ဆိုးကျိုးများ ရရှိနိင်သော အိပ်မက်များကို မြင်မက်ပြီးပါကလည်း ထိုပေးလတ္တံ့သော အကျိုးကို မပေးရန်၊ အဟောသိကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမားတို့ကို ကိုးကွယ်ဆည်းကပ်ပြီး လောကဓမ္မယတြာများ (ဆေးရှစ်ပါးဖြင့် ခေါင်းဆေးခြင်း၊ဘုရားပုထိုးရှိခိုးခြင်း၊ ဘုရားပန်းများ သက်စေ့ပူဇော်ခြင်း၊ စသည်ဖြင့်) ပြင်ဆင်ရမည် ဖြစ်ပါတယ်။ ထို့ကြောင့် အိပ်မက်များ အကြောင်းနှင့်ပတ်သက်ပြီး မှတ်သားဖွယ်ရာများကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

(အိပ်မက်ခြင်း ခြောက်ပါး)

၁။ သင့်အိပ်မက်သည် မြင်ဖူးသည်ကို စွဲ၍မက်သော အိပ်မက်ဖြစ်ပါက အကျိုးအပြစ် ရှိပါသည်။

၂။ သင့်အိပ်မက်သည် ကြားဖူးသည်ကို စွဲ၍မက်သော အိပ်မက်ဖြစ်ပါက အကျိုးအပြစ်ရှိပါသည်။

၃။ သင့်အိပ်မက်သည် ခံစားဖူးသည်ကို စွဲ၍မက်သော အိပ်မက်ဖြစ်ပါက အကျိုးအပြစ် ရှိပါသည်။

၄။ သင့်အိပ်မက်သည် ကြုံဖူးသည်ကို စွဲ၍မက်သောအိပ်မက် ဖြစ်ပါက အကျိုးအပြစ် ရှိပါသည်။

၅။ သင့်အိပ်မက်သည် ဖြစ်ဖူးသည်ကို စွဲ၍မက်သော အိပ်မက်ဖြစ်ပါက အကျိုးအပြစ် ရှိပါသည်။

၆။ သင့်အိပ်မက်သည် ဓာတ်ချောက်ချား၍ မက်သောအိပ်မက်ဖြစ်ပါက အကျိုးအပြစ် မရှိပါ။

(အိပ်မက်သော နေ့များ)

၁။ သင်သည် တနင်္ဂနွေနေ့တွင် အိပ်မက် မက်မူ မယားအတွက် မက်ခြင်းဖြစ်သည်။

၂။ သင်သည် တနင်္လာနေ့တွင် အိပ်မက် မက်မူ ဆွေမျိုးအတွက် မက်ခြင်းဖြစ်သည်။

၃။ သင်သည် အင်္ဂါနေ့တွင် အိပ်မက် မက်မူ မိဘ၊ ဆရာသမားအတွက် မက်ဖြင်းဖြစ်သည်။

၄။ သင်သည် ဗုဒ္ဓဟူးနေ့တွင် အိပ်မက် မက်မူ သားသမီးအတွက် မက်ခြင်းဖြစ်သည်။

၅။ သင်သည် ကြာသပတေးနေ့တွင် အိပ်မက် မက်မူ အဆွေခင်ပွန်းအတွက် မက်ဖြင်းဖြစ်သည်။

၆။ သင်သည် သောကြာနေ့တွင် အိပ်မက် မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်ခြင်းဖြစ်သည်။

၇။ သင်သည် စနေနေ့တွင် အိပ်မက် မက်မူ ကိုယ့်အတွက် မက်ဖြင်းဖြစ်သည်။

ထီဆုကြီးပေါက်တက်သော အိပ်မက်များ

၁။ အိပ်မက် မြင်မက်ရာတွင် ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ်ကြီးဖြစ်စေ ကြွရောက်လာပြီးလျှင် သင်အလိုရှိသော ဆန္ဒပြည့်ဝစေပါမည်။တရားကိုသာ အားထုတ်ပါဟု မိန့်ဆိုခဲ့သည်ဖြစ်စေ၊ သို့မဟုတ်မည်သည့်ကိစ္စကို ဆောင်ရွက်၍ မည်သို့ပြုလုပ်ပါဟု မှာကြားခဲ့သည်ဖြစ်စေ၊အိပ်မက်တွင် မြင်မက်ရပါက နတ်ကြီး၊ ဝိဇ္ဇာကြီးများနှင့် တွေ့ရသော အိပ်မက်သည်။ ထီပေါက်မည့် အိပ်မက်ဖြစ်သည်။

၂။ ရွံဖွယ်အတိဖြစ်သော မစင်များကို ပိုးလောက်တို့နှင့်တကွ မြိန်ရှက်စွာ သုံးဆောင်ရသည်ဟု မြင်မက်သည်ဖြစ်စေ မိမိကိုယ်၌မစင်လိမ်းကျံရခြင်း၊ မစင်တွင်းကြီးထဲ သို့ ကျရောက်ရခြင်းလူတဦးတစ်ယောက်က မစင်များကို ထုတ်ပေးသည်ဟုမြင်မက်ရခြင်း၊ ပိုးလောက်တို့သည် မိမိကိုယ်၌ အထပ်ထပ် ကပ်ရောက်သည်ဟု မြင်မက်ခြင်းတို့သည် ထီပေါက်တတ်သော အိပ်မက်များဟု ဆိုလိုသည်။

၃။ နေ လ ကြယ်တို့ကို မိမိကိုယ်တိုင်ဆွတ်၍ လက်တွင်းသို့ရောက်သည်ဟု မြင်မက်သည်ဖြစ်စေ၊ဝတ်ဖြူစင်ကြယ်စွာနှင့် ပုဂ္ဂိုလ်ကြီးတစ်ဦးဦးက ဆွတ်၍ပေးသည်ဟု မြင်မက်သည်ဖြစ်စေ ၊နေ၊ လ၊ ကြယ်နက္ခတ်တို့သည်ကြွေ၍ ကျသည်ဟု မြင်မက်သည်ဖြစ်စေ ထီပေါက်နိုင်သောအိပ်မက်ဟု ဆိုလိုသည်။

၄။ မြွေပွေး မြွေဟောက် စသော တိရစ္ဆာန် များသည် တခုသောတောင်ပို့တွင်ဖြစ်စေ၊ ကုန်းမြင့်ပေါ်တွင်ဖြစ်စေ၊ တစုံတခုသော အိုးခွက်စသည်တို့၌ တည်ရှိနေ၍ ၎င်း မြွေများကို မိမိကိုယ်တိုင် နှိမ်နင်း၍ အတွင်းရှိ ပစ္စည်းများကို သုံးဆောင်ရသည်ဟု မြင်မက်ခဲ့သော် ထီပေါက်မည့် အိပ်မက်ဖြစ်သည်။

၅။ အဘိုးအနဂ္ဃ ထိုက်တန်လှသော ရွှေကြက်ဥကို ဖြစ်စေ၊ ဝတ်ဖြူစင်ကြယ်စွာရှိသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လာရောက်၍ပေးသည်ဟု မြင်မက်ခြင်းတို့သည် ထီပေါက်မည့် အိပ်မက်ဖြစ်သည်။

၆။ နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟုမြင်မက်သော်၎င်း၊ လူစည်ကားသောအရပ်တွင် မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်၎င်း၊ နွားကိုစီး၍ ထင်ရှားကျော်စောသည်ကို မြင်မက်ခဲ့သော် ထီပေါက်တတ်သော အိပ်မက်များဟုဆိုလိုသည်။

၇။ ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ်ကြီးထံမှ၎င်း၊ ရသေ့ရဟန်းထံမှ၎င်း ၊မွန်မြတ်သော သစ်သီးတစ်ခုခုကို ရသည်ဟု မြင်မက်သည်ဖြစ်စေ သစ်ပင်တပင်ပေါ်မှ သစ်သီးများ ရှိသည့်အနက် ထိုသစ်သီးတို့ကို ဆွတ်ယူ၍ စားရသည်ဟု မြင်မက်သည်ဖြစ်စေ၊ အခြားအကူအညီတစ်ခုခုကြောင့်ဆွတ်ခူး၍ ရသည်ဟု မြင်မက်ခဲ့သော် ထီပေါက်တတ်သည်။

၈။ လူသေကောင်၏ အသားကို စားရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူသေကောင်၌ ပိုးလောက်တို့ ဖြင့် ပြည့်နှက်လျှက် ထိုအသားကိုမြိန်ရှက်စွာ စားရသည်ဟု မြင်မက်သော်လည်းကောင်း၊လူ၏အချင်း လူ၏အူတို့ကို စားရသည်ဟု မြင်မက်သော် ထီပေါက်မည့် အိပ်မက်ဖြစ်သည်။

၉။ အဖိုအနဂ္ဃ ထိုက်တန်လှစွာသော ပတ္တမြား ရတနာကိုဖြစ်စေ မွန်မြတ်သော ဝတ္ထုပစ္စည်းတခုခုကို ဖြစ်စေ၊ ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ် ကြီးတဦးက ယူဆောင်လာပြီး ၎င်းပစ္စည်းသည် သင့်အဖို့ အကျိုးခံစားပါလော့ဟု ပြောဆို၍ ပျောက်ကွယ်သွားသည်ဟု မြင်မက်ခဲ့သော် ထီပေါက်တတ်သည်။

၁၀။ လူ၏ရင်ကိုခွဲ၍ သွေးကိုသောက်ရခြင်း၊ သွေးကို ရေချိုးရခြင်း၊ ဥအမျိုးမျိုးကို စားသုံးရခြင်း၊ ငါးအမျိုးမျိုးကို ဖမ်းရခြင်းစသော အိမ်မက်မျိုးသည်လည်း ထီပေါက်နိုင်သော နိမိတ်ပြအိပ်မက် ဟုဆိုသည်။

ကျက်သရေ မင်္ဂလာရှိသော ရွှေဥဒေါင်းငှက်သည် အရပ်တစ်ခုမှ ပျံသန်း၍လာပြီးလျှင်မိမိဦးခေါင်းပေါ်သို့ မစင်စွန့်သည်ဟုမြင်မက်သော်လည်းကောင်း တခုခုသောငှက်သတ္တဝါသည် အစာကိုချီ၍ ပျံသန်းလာရာ ထိုအစာကို မိမိလက်ဝယ်သို့ရသည်ဟု မြင်မက်သော်လည်းကောင်း ထိုသို့အိမ်မက်တို့သည် ထီပေါက်အံ့သော အိပ်မက်များဖြစ်ပါတယ်။

မင်းသိင်္ခဗေဒင်