တစ်ကယ်လို့များ ခင်ဗျားသာ သံသယလူနာဖြစ်ခဲ့ရင် ခင်ဗျားအိမ်ရှေ့ကို PPE ဝတ်စုံပြည့်ဝတ်ထားတဲ့ လူသုံးလေးယောက်က အရေးပေါ်ကားအော်သံနဲ့အတူ ရောက်လာမယ်။ သူ့နောက်မှာ ယူနီဖောင်း ဝတ်ထားတဲ့ရဲတွေ ပါလာမယ်။ မီးသတ်တွေကော ရပ်ကွက်လူကြီး စတာတွေပေါ့။

အဲ့နောက် ဘယ်သူ သံသယလဲ ဆိုတာမေးပြီး ခင်ဗျားအပြင် ခင်ဗျားတို့ တစ်မိသားစုလုံးကို အစစ်အဆေးမရှိ ခေါ်သွားကြလိမ့်မယ်။ ပြီးရင် ခင်ဗျားတို့အိမ်ကို lock down ချကြမယ်။ ခင်ဗျားသားသမီးတွေ ခင်ဗျားမိဘ အဖိုးအဖွားတွေ ။ ခင်ဗျားမောင်နှမ သားချင်းတွေ။ အရွယ်မရောက် လူမမယ်တွေ အသက်ကြီးလွန်းနေတာတွေ ဒါတွေကို စာနာငဲ့ညှာနေမှာ မဟုတ်ဘူး။

ခင်ဗျားတို့ကို သယ်ဆောင်နေတဲ့အချိန်မှာ ခင်ဗျားတို့ခြေရင်းခေါင်းရင်း ခင်ဗျားတို့လမ်းမှာ ရှိတဲ့သူတွေ ထွက်ကြည့်ကြလိမ့်မယ်။ ခင်ဗျားတို့ ကားကဘေးကဖြတ်သွားတဲ့အခါ သူတို့အိမ်ထဲ ဝင်ပြေးကြလိမ့်မယ်။ ဒီမြင်ကွင်းကို ခင်ဗျားတို့ နာနာကျင်ကျင် ကြည့်နေရလိမ့်မယ်။

ခင်ဗျားတို့ ကားမြို့နယ်ကထွက်တာနဲ့ လူတွေ ဘုရားဘုရား တကြလိမ့်အုန်းမယ်။ ခင်ဗျားတို့ ဆေးရုံရောက်ပါပြီတဲ့။ မိသားစုလိုက် အခန်းထဲထားမယ်ထင် လား။ ထားခဲ့ပါစေအုန်း။ တစ်ယောက်နဲ့ တစ်ယောက် လှမ်းခေါ်ကြားရုံ အကွာအဝေးမှာပဲ ထားကြလိမ့်မယ်။ ခင်ဗျားသားသမီးငိုနေတာ ခင်ဗျားချော့ခွင့်မရဘုး။ ညအိပ်တေးဆိုပြီး နဖူးလေးစမ်းခွင့် ခင်ဗျားမရတော့ဘူး။ မြင်သာမြင် နာနာကျင်ကျင်ကြည့်နေရမယ့် ခင်ဗျားဘဝရဲ့ နာကျင်မူက အစပဲ ရှိလိမ့်အူန်းမယ်။

အဲ့လိုရက်မျိုးခင်ဗျား အရင်နှစ်ပတ် အခုသုံးပတ်တိတိ နေရတော့မယ်။ အဲ့အတွင်း ခင်ဗျားတို့ပုံမှန်အဖျား လာတိုင်းမယ်။ ဘယ်အချိန်မှာ မကောင်းဆိုးဝါး နိုးထလာမလဲ ဆိုတဲ့ စိတ်နဲ့ခင်ဗျားဆီကို လုံခြုံမူ့အပြည့်နဲ့ လာတိုင်းကြလိမ့်မယ်။ တစ်ပတ်လောက်ကြာရင် ခင်ဗျားနှာခေါင်းထဲကို ဂွမ်းထည့်ပြီး ဆေးစစ်ချက် ယူကြလိမ့်မယ်။

သြော်ဂွမ်းထည့်တယ် ဆိုလို့ ပြောရအူန်းမယ်။ အဲ့နှာခေါင်းထဲ ထည့်တဲ့ဂွမ်းတံဟာ အာခေါင်ထိတောင် ရောက်နိုင်တယ်။ အဲ့ခံစားမူကို သိချင်ရင် နဖာကလော်တံ ဂွမ်းချောင်းလေးပဲ ဝင်သလောက် ထည့်ကြည့်ပါအုန်း။ ခင်ဗျား ခံနိုင်ရည်ရှိတယ်ဟုတ်။ ဟုတ်တာပေါ့။ ခင်ဗျားက အဲ့ဒဏ်ခံနိုင်ပေမယ့် နုနယ်တဲ့ခင်ဗျား သားသမီး ကလေးသူငယ်တွေနဲ့ ခင်ဗျား မိဘဘိုးဘွားတွေ ခံနိုင်ကြပါ့မလား။ ခင်ဗျားတွေးကြည့်လေ။ အဲ့အချိန်မှာ ခင်ဗျားရင်ထဲ ခင်ဗျား မိဘတွေရင်ထဲ ခင်ဗျားမောင်နှမတွေရင်ထဲ ခင်ဗျား သားသမီးတွေရင်ထဲ  ဘာတွေဖြစ်နေမလဲ။

ခင်ဗျားဟာ ချမ်းသားကြွယ်ဝပြီး အလယ်လတ်တန်းစားဆို ပြသနာမရှိပေမယ့် သာမာန် လက်လုပ်လက်စား အိမ်ငှားရမ်းနေရတဲ့ဘ ဝ ကြွေးမှီတွေ နေ့ပြန်တိုးတွေ နဲ့ဘဝဆို ခင်ဗျားအမျိုးသမီးရဲ့ သက်ပျင်းချသံဟာ ဆေးရုံခန်းထဲ ပလူပျံအောင် ကြားနေရလိမ့် အုန်းမယ်။ သံသယလူနာဖြစ်တဲ့ ခင်ဗျားတို့ ကံကောင်းပါစေလို့ မျော်လင့်ပါတယ်။

တစ်ကယ်လို့များ  ခင်ဗျားတို့မိသားစု positive တွေ့ပါပြီတဲ့။ အရင်ဆုံး ခင်ဗျားတို့ကို ဒီ့ထပ်မကဝေးအောင် ခွဲထားကြလိမ့်အုန်းမယ်။ ထိတွေ့ခွင့် ဆုံးရှုံးနေရတဲ့ကြားက မြင်တွေ့ခွင့်တွေပါ ခင်ဗျားဆုံးရှုံးရလိမ့်မယ်။ ခင်ဗျားတို့လမ်း lock down ချခံရမယ်။

ဘေးပတ်ဝန်းကျင်က ခင်ဗျားတို့ကို ဝမ်းမြောက်စွာ ဆုတောင်းမယ် ထင်သလား။ သူတို့စားဝတ်နေရေး ဂုဏ်သိက္ခါတွေအတွက် အခက်ခဲကြုံတိုင်း ခင်ဗျားတို့ကို  ကျိတ်ဆဲ ဆဲကြလိမ့်မယ်။ ဒင်းကြောင့် ငါတို့ပါ ဒုက်ခရောက်ရပြီ ဆိုပြီးတော့ပေါ့။

ပိုးတွေ့လူနာ စာရင်းဝင်တာနဲ့ ခင်ဗျားပျော်ရွှင်ရယ်မောပြီး စနောက်ပျော်ရွှင်ခဲ့ရတဲ့  မိသားစု  ပတ်ဝန်းကျင် အပေါင်းအသင်းကြားမှာ ခင်ဗျားဟာ ညတိုင်းခြောက်တဲ့ တစ္ဆေတစ်ကောင်ဖြစ်သွားပြီ။ သူတို့တင်မက ပတ်ဝန်းကျင်ရပ်ကွက် စတာတွေကို ခင်ဗျားခြောက်လှန့်နိုင်စွမ်းရှိခဲ့ပြီ။ ခင်ဗျားအလုပ်ရှင်က အလုပ်ထုတ်မယ်။ ခင်ဗျား အိမ်ရှင်က နှင်ချမယ်။ ခင်ဗျားမိသားစုနဲ့ ခွဲနေရမယ်။ ခင်ဗျား စားချင်တာရှိတဲ့အခါ ခင်ဗျားအခန်းဝမှာ ထမင်းထုတ်ချပြီး အဝေးရောက်မှ ထမင်းလာပို့တာပါလို့ အော်ကြလိမ့်မယ်။ ခင်ဗျား ဝမ်းသာအားရနဲ့ ထမင်းထုတ်ဆီ လှမ်းနိုင်မယ်လို့တော့ မထင်ပါဘူး။

ခင်ဗျားတို့ မိသားစုဝင်တွေက တွေ့ချင်တဲ့အခါ ဆယ်ပေဆယ့် ငါးပေအကွာကနေ ဒါမှမဟုတ် အလုံပိတ် မှန်ကာထားတဲ့ နောက်ကွယ်ကနေ ခင်ဗျားကို ကြည့်ရလိမ့်မယ်။ ခင်ဗျားလဲ ပြန်ကြည့်နေရလိမ့်မယ်။ ခင်ဗျား လက်လေးကိုင်ဖို့ နဖူးလေးစမ်းဖို့ ဆိုတာဝေး ခင်ဗျားဘာပြောလဲဆိုတာတောင် ကြားဖို့ မနည်းနားထောင်ရလိမ့်မယ်။

ခင်ဗျား ချောင်းတွေ ဆိုးလာပြီ။ ကိုယ်ပူချိန် တက်လာပြီ။ အသက်ရှုကျပ်လာပြီ ဆိုရင်တော့ ခင်ဗျားပါးစပ်ထဲ ကနေ အဆုပ်ထဲကို အောက်ဆီဂျင် သွင်းဖို့ ပိုက်တွေ ထိုးထည့်ကြလိမ့်မယ်။ အဲ့နာကျင်မူဒါဏ်ကို မခံနိုင်မှာစိုးလို့ ခင်ဗျားကို မေ့ဆေး သို့ အိပ်ဆေးပေးထားလိမ့်မယ်။ ဆေးရှိန်ပြယ်ခါနီးလေ ထပ်ပေးလေ လုပ်ကြလိမ့်မယ်။

ဒါဟာ လည်ချောင်းထဲ အောက်ဆီဂျင်ပိုက်ကြောင့် နေရခက်နေမယ့် ခင်ဗျားအတွက် ဆရာဝန်တွေရဲ့ စေတနာပါ။ သို့ပေမယ့် ခင်ဗျားအပြင်လောကနဲ့ အမြင်အာရုံစပြီး အဆက်အသွယ် ပြတ်သွားပြီလေ။ ဆေးရုံ အထူးခန်း ကုတင်ပေါ်မှာ အောက်ဆီဂျင်ပြွန်တပ်ပြီး ပက်လက်ကလေး မလူပ်မယှက် ငြိမ်သက်နေတဲ့ခဗျားကို မိသားစုဝင်တွေတွေ့အခါ သူတို့ မျက်ရည်ဖြိုင်ဖြိုင် ကျလာလိမ့်မယ်။

ခင်ဗျားကို ပြုစုယုယခွင့်မပြောနဲ့။ မျက်နှာလေးတောင် ငုံံ့ကြည့်ခွင့် မရနိုင်တော့ဘူး။ သူတို့အမှားတွေ သူတို့ ကျူးလွန်ခဲ့တာတွေရှိရင် မှန်တံခါး အပြင်ဘက်ကနေ တောင်ပန်းတိုးလျိုးပြီး ကန်တော့ကြလိမ့်မယ်။ ခင်ဗျားကတော့ မသိနိုင်တော့ဘူး။

ပြန်နိုးထမလား မထမလား မသေချာတော့တဲ့ လမ်းဆုံလမ်းခွမှာ  ခင်ဗျားဟာ ရှင်လျက်နဲ့  နူတ်ဆက်ခဲ့ရပြီ။ ခင်ဗျားဘာမှ မကြားခဲ့ရခင် မိဘအတွက် မိသားစုအတွက် ခင်ဗျားပေါ်ကောင်းခဲ့တဲ့ လူသားတစ်ချို့အတွက် ဘာမှ မလုပ်ပေးနိုင်ခင်မှာ ခင်ဗျားကိုယ်တိုင် မသိခြင်းတွေနဲ့ ခင်ဗျား အိပ်ပျော်နေ ရလိမ့်မယ်။ ပြန်နိုးထတယ် မနိုးထဘူးဆိုတာ ခင်ဗျားရှင်ခြင်း သေခြင်းရဲ့အဆုံးအဖြတ်တောင် ဖြစ်စေနိုင်ပါတယ်။

မတော်လို့ ခင်ဗျား မနိုးထနိုင်ခဲ့ဘူးဆိုရင် လူသုံးယောက်လောက်နဲ့ ခင်ဗျားကို နေ့ချင်းပြီး မီးရှို့ကြလိမ့်မယ်။ ခင်ဗျားအသုဘကို ဘယ်သူမှလာခွင့်ပြုကြမယ် မဟုတ်ဘူး။ ခင်ဗျား မသိနိုင်တော့ပါဘူး ဒါတွေကို။ တစ်ခါတစ်ရံ ခင်ဗျားရဲ့ မဆင်ခြင်မူ ဂရုမစိုက်မူတွေက ရင်နင့်စရာ  ဒဏ္ဏာရီတွေကို မွေးဖွားစေခဲ့လိမ့်မယ်။ ခင်ဗျားရယ်ကောင်း ရယ်နေလိမ့်မယ်။ ဒါတွေဟာ ပုံပြင်တွေ ဖြစ်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။

crd