ရောင်းစားဖို့အတွက် ကားပေါ်ခေါ်သွားတဲ့ သူငယ်ချင်းနွားရဲ့ နောက်ကို တောက်လျှောက် လိုက်ခဲ့တဲ့ နွားလေး။ လူတော်တော် များများက တိရစ္ဆာန်တွေဟာ အဟိတ် တိရစ္ဆာန်ဖြစ်တာကြောင့် အသိဉာဏ်နဲ့ ချစ်ခြင်းမေတ္တာ မရှိနိုင်ဘူး လို့ ထင်နေကြပုံပါ။ တစ်ကယ်တမ်းတော့ သက်ရှိအရာ မှန်သမျှမှာ ချစ်ခြင်းမေတ္တာ ဆိုတာ ရှိပါတယ်။

ဒါကို သက်သေပြသွားတာကတော့ နွားကလေးတစ်ကောင်နဲ့ ကျွဲကလေး တစ်ကောင်ပါပဲ။ ပိုင်ရှင်ဟာ ငွေကြေး လိုအပ်နေတာကြောင့် သူ့ရဲ့နွားကို ရောင်းဖို့ ကားပေါ်ဆင်ပြီး မောင်းထွက်သွားတဲ့ အနောက်ကို သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ အဆိုကား နောက်ကနေ တစ်ကောက်ကောက် လိုက်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊ Madurai ပြည်နယ် Palamedu မြို့မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမြို့မှာ နေထိုင်သူ လက်ဖက်ရည်ဆိုင် ပိုင်ရှင် Muniandiraja လို့ အမည်ရတဲ့ အမျိုးသား တစ်ယောက်ဆီမှာ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင် ရှိပါတယ်။ အဆိုပါ နှစ်ကောင်လုံးဟာ ငယ်ငယ်လေးကတည်းက မွေးမြူရေးခြံထဲမှာ အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။

တစ်နေ့ကျတော့ Muniandiraja ဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် နွားကလေးကို အခြားလူ တစ်ယောက်ဆီမှာ ရောင်းချဖို့ သဘောတူ ခဲ့ပါတယ်။ အဲ့လိုနဲ့ အဆိုပါနွားကလေးကို အခြား ပိုင်ရှင် အသစ်ဆီကို လွှဲပြောင်းပေးဖို့အတွက် ထရပ်ကား တစ်စီးငှားပြီး ကားပေါ်တင်ကာ မောင်းထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ထင်မှတ် မထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကားထွက်သွားတာနဲ့ နွားကလေးရဲ့ သူငယ်ချင်းဖြစ်သူ ကျွဲကလေးဟာ ကားနောက်ကနေ တောက်လျှောက် လိုက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ ကားကိုပါ ရပ်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွဲကလေးဟာ ကားအနားမှာရပ်ပြီး သူ့သူငယ်ချင်း နွားကလေးကို နောက်ဆုံးအနေနဲ့ အချိန်တော်တော်ကြာ နှုတ်ဆက်ခဲ့ပုံပါပဲ။

ဒီအဖြစ်အပျက်ကို Muniandiraja က ဗီဒီယိုရိုက်ပြီး ဆိုရှယ် မီဒီယာပေါ် တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်တဲ့လူ တော်တော်များများကလည်း မတူညီတဲ့ တိရစ္ဆာန်နှစ်ကောင်ရဲ့ သူငယ်ချင်းမေတ္တာကို စုပ်တသပ်သပ် ဖြစ်နေကြပါတယ်။

နောက်ဆုံးတော့ ဒီဗီဒီယိုကို Tamil Nadu ပြည်နယ်ဝန်ကြီးရဲ့ သားဖြစ်သူ OP Jayapradeep က တွေ့ရှိသွားခဲ့ပြီး ပိုင်ရှင်အသစ်ဆီက နွားလေးကို ပိုက်ဆံပေးပြီး ပြန်ဝယ်ကာ Muinandiraja ဆီ ပြန်ပို့ပေးခဲ့ကာ သူငယ်ချင်းနှစ်ယောက်ကို ပြန်လည် စုံစည်းစေခဲ့ပါတယ်။

ရုပ်သံကြည့်ရန်

ခရက်ဒစ်