ဝမ်းချုပ်ပြီဆိုရင် တကယ်ကို နေရထိုင်ရ မကောင်းပါဘူး။ ခန္ဓါကိုယ်မှာ အမျှင်ဓါတ် လုံလုံလောက်လောက် မရတဲ့အခါ၊ ရေဓါတ် နည်းတဲ့အခါ ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းမချုပ်စေတော့မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပျားရည်နဲ့ သံပုရာရည်ကို ရေနွေးနဲ့ ရောသောက်ပါ။

ပျားရည်က ဝမ်းသွားစေပြီး သံပုရာရည်နဲ့ ရောသောက်တဲ့အခါ အချဉ်ဓါတ်လည်း နည်းသွားစေပါတယ်။ သံပုရာသီးက အစာချေစနစ်ကို လှုံ့ဆော်ပေးတဲ့ သဘာဝဆေးဖြစ်တာကြောင့် ခန္ဓါကိုယ်က အဆိပ်အတောက်တွေကို ဖယ်ပေးပါတယ်။

၂။ ရေများများ သောက်ပါ။

အမျိုးသားတွေက တစ်နေ့ကို ရေ ၃.၇ လီတာ အနည်းဆုံးသောက်သင့်ပြီး အမျိုးသမီးတွေက တစ်နေ့ကို ရေ ၂.၇ လီတာ အနည်းဆုံးသောက်သင့်ပါတယ်။ အူမကြီးထဲမှာ ရေဓါတ်မရှိရင်လည်း ဝမ်းချုပ်တတ်ပါတယ်။ တစ်နေ့တာအတွက် ရေလုံလုံလောက်လောက် သောက်ပေးရင် ဝမ်းချုပ်တာက အလိုလို ပျောက်သွားမှာပါ။ ရေအပြင် သစ်သီးဖျော်ရည်တွေကလည်း ဝမ်းချုပ်တာကို ကာကွယ်ပေးပါသေးတယ်။ ပန်းသီးနဲ့ သစ်တော်သီးတို့က ဝမ်းချုပ်ခြင်းအတွက် သဘာဝဆေးပါပဲနော်။ မကြာခဏ ဝမ်းချုပ်တတ်သူတွေက ဆိုဒါတွေ၊ အရက်၊ ဘီယာတွေ မသောက်သင့်ပါဘူး။

၃။ အမျှင်ဓါတ်ပါသော အစားအစာများ

ဝမ်းမချုပ်ဖို့ဆိုရင် အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကိုလည်း မေ့ထားလို့မရပါဘူး။ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကလည်း အူထဲမှာ ရေဓါတ်ကို ပြန်ရစေပါတယ်။ ဝမ်းမချုပ်ဖို့အတွက် အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကို တစ်ရက်ကို ၂၀ ဂရမ်ကနေ ၃၅ ဂရမ်အထိ စားပေးသင့်ပါတယ်။ ကွမ်းသီးဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပန်းသီး၊ ကတွတ်သီး၊ ပဲ စတာတွေမှာ အမျှင်ဓါတ်တွေ ပါဝင်ပါတယ်။ ဖရုံသီး၊ နှမ်း၊ နေကြာ၊ နှမ်းကြတ်ပင်စတဲ့ အစေ့အဆံတွေမှာလည်း အမျှင်ဓါတ်ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ သွေးတိုးတတ်သူ၊ ခန္ဓါကိုယ်မှာ သွေးယိုစိမ့် တတ်သူတွေက နှမ်းကြတ်ပင်ကို စားလို့မရပါဘူး။

၄။ ဆီးသီးခြောက်

ဆီးသီးခြောက်က အမျှင်ဓါတ်ပါဝင်တဲ့ ဝမ်းချုပ်ခြင်းအတွက် သဘာဝဆေးပါ။ ဆီးသီးခြောက်ရဲ့ အရသာကို မကြိုက်ရင် ဖျော်ရည်အဖြစ် ဖျော်သောက်လို့ ရပါတယ်။ ဒါပေမယ့် ဖျော်ရည်အဖြစ် သောက်တဲ့အခါ ဆီးသီးခြောက်မှာပါဝင်တဲ့ အမျှင်ဓါတ် အာနိသင်က နည်းသွားပါတယ်။

၅။ အမျှင်များများပါသော အစားအစာများ

နှမ်းကြတ်ပင်၊ ပဲနံ့သာလိုမျိုး သဘာဝ အသီးအနှံတွေက ဝမ်းချုပ်တာ သက်သာစေပါတယ်။ နှမ်းကြတ်ပင်၊ ပဲနံ့သာတွေကို စားပြီးရင်တော့ ရေများများသောက်ဖို့ လိုအပ်ပါတယ်။

၆။ ဒိန်ချဉ်

ဝမ်းချုပ်တဲ့အခါ နို့ထွက်ပစ္စည်းတွေကို ရှောင်ဖို့လိုအပ်ပေမယ့် ဒိန်ချဉ်ကိုတော့ စားလို့ရပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ bifidobacterium ပဋိဇီဝပစ္စည်းက လွယ်လွယ်ကူကူ ဝမ်းသွားစေနိုင်ဖို့ ကူညီပေးပါတယ်။

သန့်စင်ခန်းထဲမှာ ထိုင်ပုံထိုင်နည်း

သန့်စင်ခန်းထဲမှာ ထိုင်တဲ့အခါ ကျောရိုးကို ၉၀' မတ်မတ်ထားပြီး ခြေထောက်ကို ချထားတဲ့ အနေအထားနဲ့ ထိုင်တတ်ကြပါတယ်။ အဲဒီအခါ အစာဟောင်းတွေ ထွက်ဖို့အတွက် လမ်းကြောင်းတွေ ကျဉ်းသွားတတ်ပါတယ်။ အဲဒါကြောင့် ခန္ဓါကိုယ်ကို ရှေ့ကို နည်းနည်းကိုင်းပြီး ဒူးကို အနည်းငယ် မြှင့်ထားတဲ့ အနေအထားနဲ့ ထိုင်သင့်ပါတယ်။ အဲဒီအခါ ပိုပြီး သက်တောင့်သက်သာ ဖြစ်လာမှာပါ။

zombie (Lovemedia)