ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် ဗီတာမင်တွေက မရှိမဖြစ်လိုအပ်ပါတယ်။ အမြင်အားကောင်းဖို့၊ ကျန်းမာတဲ့အသားအရေအတွက် ဗီတာမင်အေ လိုအပ်ပါတယ်။ အစားအစာအများစုမှာတော့ ဗီတာမင်အေတွေ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ ကြီးထွားဖို့ အရှိန်ယူနေတဲ့ကလေးတွေမှာ ဗီတာမင်အေ ချို့တဲ့လို့မဖြစ်ပါဘူး။ ခန္ဓါကိုယ်မှာ ဗီတာမင်အေ ချို့တဲ့လာပြီ ဆိုရင်တော့ လက္ခဏာတွေ ပြလာတတ်ပါတယ်။

၁။ အသားအရေခြောက်လာခြင်း


အရေပြားက တစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ဗီတာမင်အေကို လိုအပ်ပါတယ်။ အသားအရေစိုပြည်ဖို့ဆိုရင် ရေဓါတ်ပြည့်နေဖို့လည်း လိုပါသေးတယ်။ ဗီတာမင်အေ ချို့တဲ့ပြီဆိုရင် အသားအရေက ခြောက်လာပြီး ယားလာတတ်ပါတယ်။

၂။ အမြင်အာရုံဝါးလာခြင်း


ညအမှောင်ချိန်မှာ အရာဝတ္ထုတွေကို ပုံမှန် ထက်ပိုပြီး ဝါးဝါးပဲမြင်ရတာကလည်း ဗီတာမင်အေ ချို့တဲ့ခြင်းရဲ့ လက္ခဏာပါပဲ။

၃။ ဝက်ခြံ


ဗီတာမင်အေ ချို့တဲ့လာတဲ့အခါ အသားအရေတွေ ခြောက်လာတဲ့အပြင်  ဝက်ခြံတွေကိုပါ ဖြစ်လာစေပါတယ်။

၄။ ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲတွေ့နိုင်ခြင်း


ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဗီတာမင်အေချို့တဲ့တာက အန္တရာယ်များပါတယ်။ ဗီတာမင်အေပါဝင်တဲ့ အစားအစာကို စားပေးခြင်းက သန္ဓေသားအတွက် အကျိုးရှိစေပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ဗီတာမင်အေ ချို့တဲ့ခြင်းက ဆက်စပ်နေပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေက ဗီတာမင်အေပါဝင်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုပါတယ်။

၅။ အနာမကျက်လွယ်ခြင်း


ခန္ဓါကိုယ်မှာ ကော်လဂျင်ထုတ်လုပ်မှုကြောင့် အနာတွေက အချိန်တိုအတွင်း ကျက်သွားတာပါ။ ဗီတာမင်အေက ကော်လဂျင်ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေကတော့ မုန်လာဥနီ၊ လိမ္မော်သီး၊ နွားနို့နဲ့ အနီရောင်အသားတွေပါ။

၆။ ကြီးထွားမှု နှေးကွေးခြင်း


ဗီတာမင်အေက ကလေးတွေရဲ့ အမြင်အာရုံတိုးတက်မှု၊ ခန္ဓါကိုယ်ကြီးထွားမှု၊ ကိုယ်ခံအားစနစ်ကောင်းမွန်မှုအတွက် အရေးပါတာကြောင့်  ဗီတာမင်အေပါဝင်တဲ့ အစားအစာတွေကို ကျွေးသင့်ပါတယ်။ ဗီတာမင်အေ ချို့တဲ့တဲ့အခါ ကလေးက ကြီးထွားဖို့ အားမယူနိုင်ဘဲ ညှက်သွားတတ်ပါတယ်။

၇။ မျက်ရည်ခမ်းခြောက်ခြင်း


ဗီတာမင်အေ ချို့တဲ့အခါ အရေးကြီးဆုံး လက္ခဏာတစ်ခုကတော့ မျက်ရည်မထုတ်နိုင်တော့တာပါ။ မျက်ရည်ခမ်းခြောက်ခြင်းက မျက်ကြည်လွှာခမ်းခြောက်ပြီး အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။

ဗီတာမင်အေ ပါဝင်တဲ့အစားအစာများ


ကြက်ဥ - ကြက်ဥပြုတ်မှာ ဗီတာမင်အေ ၈% ပါဝင်လို့ နေ့စဉ်စားပေးသင့်ပါတယ်။

ဆော်လမွန်ငါး - ဆော်လမွန်ငါး ၁၀၀ ဂရမ်မှာ ဗီတာမင်အေ ၁၄၉% ရာခိုင်နှုန်းပါဝင်ပြီး ဒီပမာဏက တစ်နေ့တာလိုအပ်တဲ့ ပမာဏပါ။

ဟင်းနုနွယ်ရွက် - ဟင်းနုနွယ်ရွက်ဟင်းတစ်ခွက်မှာ ဗီတာမင်အေ ၁၀၅% ပါဝင်ပါတယ်။

ကန်စွန်းဥ - ခန္ဓါကိုယ်မှာ ဗီတာမင်အေပြည့်ဝနေဖို့အတွက် ကန်စွန်းဥကို မကြာခဏစားပေးသင့်ပါတယ်။

မုန်လာဥနီ - မုန်လာဥနီမှာ ဗီတာမင်အေ ၁၄၈ % ပါဝင်ပါတယ်။

Zombie (Love Media)