သင်ဟာ ညနက်တဲ့အထိ စာကြည့်တတ်သူ ဆိုရင်တော့ အဲဒီအကျင့်ကို ပြောင်းလဲသင့်ပါပြီ။ တရုတ်နိုင်ငံ၊ Hunan စီရင်စု၊ Hengyang မြို့က ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ဟာ မေးခွန်းရှစ်စုံကို တစ်ညလုံး မနားဘဲ ကြိုးစား လေ့ကျင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြင်းထန်တဲ့ ဦးနှောက်ရောင်ရမ်းမှုကြောင့် ဆေးရုံကို အရေးပေါ်ရောက်သွားခဲ့ရပါတယ်။


အဲဒီကလေးလေးဟာ နောက်ဆုံးစာမေးပွဲအတွက် အလွန် စိုးရိမ်ပူပန်နေပြီး နေ့တိုင်းနေ့တိုင်းညနက်တဲ့အထိ စာကြည့်ပါတယ်။ မနက်ရောက်တဲ့အခါ ကလေးရဲ့ပုံစံက မူမမှန်တာကို ကလေးရဲ့မိဘတွေက သတိထားမိပြီး ဆေးရုံကို အလျင်အမြန်ခေါ်သွားကြပါတယ်။ ဆရာဝန်က ဦးနှောက်ရောင်ရောဂါလို့ ရောဂါအမည်ကို ပြောပါတယ်။


ခန္ဓါကိုယ်က မထင်မှတ်ဘဲထုတ်လုပ်လိုက်တဲ့ ပဋိပစ္စည်းတွေက ဦးနှောက်ဆဲတွေကို မှားယွင်းတိုက်ခိုက်တဲ့အခါ ဦးနှောက်ရောင်ရောဂါဖြစ်လာပါတယ်လို့ Harvard Healthက ရှင်းပြထားပါတယ်။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာလည်း ဖြစ်တတ်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါသေးတယ်။ အဖျား၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ထင်ယောင်ထင်မှား မြင်ခြင်း၊ ကြားခြင်းတို့က ဦးနှောက်ရောင်ရောဂါရဲ့ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေပါပဲ။


အလုပ်ကို အလွန်အကျွံ လုပ်တဲ့အခါမှ ဒီလိုလက္ခဏာတွေ ပြလာတတ်ပါတယ်။ ဦးနှောက်ကို အချိန်ကြာကြာ ဆက်တိုက် အသုံးပြုပြီးရင် ခဏမျှ အနားယူသင့်ကြောင်း၊ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားပေးခြင်းက ဦးနှောက်ကို အာဟာရဓါတ်ရစေကြောင်း၊ ခဏကြာ နားလိုက်ခြင်းက ဦးနှောက်ရဲ့လုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပါတယ်။

Zombie (LoveMedia)
Ref - Worldofbuzz