ကိုယ်အလေးချိန်လည်း ကျချင်၊ လေ့ကျင့်ခန်းလည်း မလုပ်နိုင်၊ အစားလည်း မလျှော့နိုင်တဲ့သူတချို့က ပိန်ဆေးတွေကို အားကိုးကြပါတယ်။ ဒါပေမယ့် ပိန်ဆေးတွေက ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ တကယ်တော့ အဆီကျဆေး၊ ပိန်ဆေးတွေက ကိုယ်မျှော်လင့်ထားတဲ့ရလဒ်အတိုင်းဖြစ်လာစေမှာ မဟုတ်ပါဘူး။

၁။ အသည်းကို ထိခိုက်စေခြင်း


ကမ္ဘာပေါ်က လူအများစုက ကိုယ်အလေးချိန်ကျဖို့အတွက် အဆီကျဆေးတွေကို သောက်ကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းနဲ့ အစားအသောက်ထိန်းသိမ်းခြင်းကသာ ကိုယ်အလေးချိန်ကို အမှန်တငယ်ကျစေတာပါ။ ပိန်ဆေးတွေရဲ့ အဆိုးဆုံး ဆိုးကျိုးတွေထဲကတစ်ခုကတော့ အသည်းကို ထိခိုက်စေတာပါပဲ။

၂။ ကျောက်ကပ်ကို ထိခိုက်စေခြင်း


ပိန်ဆေးတွေက ကျောက်ကပ်ကိုလည်း ဒုက္ခပေးပါသေးတယ်။ အဆီကျဆေးမှာပါဝင်တဲ့ ဓါတုပစ္စည်းတွေက အစပိုင်းမှာ မသိသာပေမယ့် ရေရှည်မှာ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

၃။ အိပ်မပျော်ခြင်း


ညဘက်တွေမှာ အိပ်မပျော်ခြင်းက ပိန်ဆေးတွေရဲ့ ဆိုးကျိုးပါပဲ။ ပိန်ဆေးမှာ ပါဝင်တဲ့ပစ္စည်းတွေက ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး ညဘက်အိပ်မပျော်ခြင်းတွေကို ဖြစ်စေပါတယ်။


၄။ သွေးတိုးရောဂါရစေခြင်း


ပိန်ဆေးတွေက နှလုံးခုန်နှုန်းကို မြန်စေတာကြောင့် ကြာလာရင် သွေးတိုးရောဂါရစေမှာပါ။

၅။ ဝမ်းလျှောခြင်း


အဆီကျဆေး၊ ပိန်ဆေးတွေက ဝမ်းလျှောစေပါသေးတယ်။ ပိန်ဆေးတွေသောက်ပြီး ခဏခဏဝမ်းလျှောနေရင် ခန္ဓါကိုယ်မှာ ရေဓါတ်ဆုံးရှုံးမှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။

၆။ အစာဟောင်းအိမ်သွေးယိုစီးမှုဖြစ်လာခြင်း


ပိန်ဆေးတွေကို သောက်ရင် ခဏတာတော့ ပိန်သွားပါလိမ့်မယ်။ ဒါပေမယ့် အမြဲလိုလို သုံးနေရင် အစာဟောင်းအိမ်သွေးယိုစီးမှုဖြစ်လာစေပါတယ်။ အဲဒါကြောင့် ပိန်ဆေးသောက်မယ်ဆိုရင်လည်း ဆေးအညွှန်းအတိုင်းသာသောက်ပြီး အမြဲလိုလိုတော့ မသောက်သင့်ပါဘူး။

၇။ နှလုံးခုန်မြန်လာစေခြင်း


နှလုံးရောဂါရှိတဲ့သူတွေက ပိန်ဆေးတွေကို ရှောင်သင့်ပါတယ်။ ပိန်ဆေးတွေက amphetamineလို ဆိုးကျိုးရှိတာကြောင့် နှလုံးခုန်နှုန်းတွေကို မြန်လာစေပါတယ်။

၈။ခေါင်းကိုက်ခြင်း


အဆီကျဆေးတွေကို သောက်တာကြလာတဲ့အခါ ခေါင်းကိုက်ဝေဒနာကို ခံစားလာရမှာပါ။ ခေါင်းကိုက်တဲ့လက္ခဏာတွေ ပြလာရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါပြီ။

Zombie (LoveMedia)