ဘယ်အချိန်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ကားမတော်တဆမှုဆိုတာ ဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ ကားက ရေထဲကို တဖြည်းဖြည်းနဲ့မြုပ်တော့မယ်ဆိုရင် ကားထဲကနေ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးထွက်နိုင်ဖို့ နည်းလမ်းတွေကို သင်သိပါသလား။ အဲဒီလိုအခြေအနေတွေ ဖြစ်လာရင်တော့ ဒီအချက်5ချက်ကို မမေ့ပါနဲ့။

1.အထိတ်တလန့်မဖြစ်ပါနဲ့။


သင်ရဲ့စွမ်းအားတွေကို ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် အထိတ်တလန့်မဖြစ်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ငြိမ်ငြိမ်ထားပါ။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးကို ကြုံနေရပြီဆိုရင် စိတ်လှုပ်ရှားတဲ့အခါ ထွက်တတ်တဲ့ အဒရီနယ်လင်းဟော်မုန်းတွေက အရှိန်အဟုန်နဲ့ ထွက်လာတော့မှာပါ။ အဲဒါကြောင့် ကားထဲက ထွက်နိုင်မယ့်နည်းလမ်းကို စိတ်အေးအေးထားပြီး အကွက်ချစီစဉ်ပါ။ ပြီးရင် သင့်ကိုယ်သင့် မျက်စိလည်ပြီး စိတ်မရှုပ်ထွေးသွားအောင် ကြိုးစားပါ။

2.ထိုင်ခုံခါးပတ်ကို ဖြုတ်ပါ။


လောလောဆယ်လုပ်ရမှာက ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပါ။ သင့်ပစ္စည်းပစ္စယတွေကို ဂရုမစိုက်ပါနဲ့တော့။ ခန္ဓာကိုယ်ပေါ်မှာ အလေးချိန်များစေမယ့် ဂျက်ကတ်အင်္ကျီလိုမျိုးအရာတွေကို ချွတ်ပစ်ပါ။ အဲဒါဆိုရင် ရေကူးရလွယ်သွားပါပြီ။

3.ကားမှန်တွေကို ချလိုက်ပါ။


လူအများက တံခါးလက်ကိုင်ဆီကို အလိုအလျောက်ရောက်သွားမှာပါ။ ဒါပေမယ့် အလွန့်အလွန့်ကြီမားတဲ့ အပြင်ဖက်က လေထုဖိအားတွေကြောင့် ကားတံခါးတွေကို ဖွင့်ဖို့ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် ကားထဲကနေ အလွယ်ကူဆုံးထွက်နိုင်ဖို့ ကားမှန်တွေကို ချလိုက်ပါ။ ပြီးတော့ ကားမမြုပ်ခင် မြန်နိုင်သမျှမြန်မြန်ထွက်ပါ။



4.ကားမှန်ကို ချလို့မရဘူးဆိုရင် မှန်ကို ခွဲလိုက်ပါ။


ဘတ်ထရီက ကျသွားပြီဆိုရင်၊ ပြူတင်းပေါက်က ညှပ်နေတယ်ဆိုရင် မာကျောတဲ့ အရာတစ်ခုခုနဲ့ ကားမှန်ကို ခွဲလိုက်ပါ။ တူ ဒါမှမဟုတ် သော့ကြိုးတွေနဲ့ ခွဲရင်ပိုကောင်းပါတယ်။ ဒီလိုပစ္စည်းတွေကို အရေးပေါ်သုံးဖို့အတွက် ကားရဲ့ပြူတင်းပေါက်မှာ ထားရှိသင့်ပါတယ်။


တူတွေ၊ သော့ကြိုးတွေ မရှိဘူးဆိုရင်တော့ ရိုးရှင်းတဲ့နည်းလမ်းဖြစ်တဲ့ တံတောင်ဆစ်၊ ဒေါက်ဖိနပ်၊ ဒါမှမဟုတ် ဖြုတ်လို့ရတဲ့ခေါင်းမှီမှာပါတဲ့ သတ္တုအစိတ်အပိုင်းကို သုံးပါ၊ ဒါပေမယ့် လေကာကိုတော့ ခွဲဖို့မကြိုးစားပါနဲ့။ အရှိန်ပြင်းပြင်းနဲ့ တိုက်မိဆောင့်မိတဲ့အခါ ကြံ့ကြံ့ခိုင်နိုင်အောင် လေကာကို ပြုလုပ်ထားလို့ပါ။

5.ကလေးတွေပါလာရင် အကြီးဆုံးကလေးတွေကို ကားထဲက အရင်ထွက်ခိုင်းပါ။


ကားပြူတင်းပေါက်ကနေ  ကလေးအငယ်တွေကို အရင်မထွက်ခိုင်းခင် အကြီးဆုံးကလေးကို အရင်ထွက်ခိုင်းပါလို့ ကျွမ်းကျင်ပညာရှင်တွေက ယူဆပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အကြီးဆုံးကလေးက အရင်ထွက်နိုင်ရင် ကလေးအငယ်တွေထွက်ရာမှာ ကူညီပေးဖို့ အလားအလာ ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။


သင့်ခါးပတ်ကို ဖြုတ်ပြီးမှသာ၊ သင့်ဘေးက ကားမှန်ကို ချပြီးမှသာ ကလေးတွေကို ထွက်နိုင်အောင် ကူညီပေးပါ။ ဒီအချက်ကို မမေ့ပါနဲ့။ ဒီလိုအခြေအနေမှာ ရေကူးတတ်ဖို့က သိပ်ကိုသိပ်ကို အရေးကြီးပါတယ်။ အသက်ရှင်ဖို့ အခွင့်အရေးကတော့ သေမြေကြီး ရှင်ရွှေထီးပါ။ ဘယ်သူမှ ဒီလိုအခြေအနေကို မကြုံကြစေဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး။

Zombie (LoveMedia)
Ref - worldofbuzz